5 အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။
6 သို့သော် ယခုအခါ ငါတို့သည် ငါတို့ကိုချုပ်နှောင်ထားသောပညတ်တရားအရာ၌ သေဆုံးခဲ့ပြီး ပညတ်တရားမှ ကင်းလွတ်ခွင့်ရကြပြီဖြစ်၍ အက္ခရာတင်ထားသောတရား၏နည်းလမ်းဟောင်းအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်၏နည်းလမ်းသစ်အားဖြင့် အစေခံလျက်ရှိကြ၏။
7 သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။
8 သို့သော် အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ၌ တပ်မက်ခြင်းမျိုးစုံကို ဖြစ်ပေါ်စေ၏။ တစ်နည်းဆိုသော် ပညတ်တရားမရှိလျှင် အပြစ်သည် အသေဖြစ်၏။
9 ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့်
10 အသက်ရှင်ခြင်းသို့ရောက်စေရမည့် ဤပညတ်တော်သည် သေခြင်းသို့ရောက်စေသည်ကို ငါတွေ့၏။
11 အကြောင်းမူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏။