17 အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏။
18 ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
19 ထိုအခါ သင်က “သို့ဖြစ်လျှင် ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ မည်သူသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်နိုင်မည်နည်း”ဟု ငါ့အား မေးမြန်းလိမ့်မည်။
20 သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
21 အိုးထိန်းသည်သည် ရွှံ့စေးတစ်ပုံတည်းထဲမှ အသရေရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း၊ အသရေမရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း လုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။
22 သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။
23 ထို့ပြင် ဘုန်းအသရေအတွက်ကြိုတင်ပြင်ဆင်ထားသော ကရုဏာတော်ဆိုင်ရာအိုးခွက်များ၌ မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုကို သိစေရန်ပြုတော်မူလျှင် မည်သို့နည်း။