5 အချို့သောသူသည် နေ့ရက်တစ်ရက်ကို အခြားနေ့ရက်ထက် ပို၍မြတ်သည်ဟုယူဆ၏။ အချို့မူကား နေ့ရက်အားလုံးအတူတူဖြစ်သည်ဟုယူဆ၏။ လူတိုင်း မိမိတို့ယူဆထားသောအရာအပေါ် စိတ်နှလုံးထဲ၌ အပြည့်အဝယုံကြည်ပါစေ။
6 နေ့ရက်ကိုစောင့်ထိန်းသောသူသည် သခင်ဘုရားအတွက်စောင့်ထိန်း၏။ စားသောသူသည်လည်း သခင်ဘုရားအတွက်စား၏။ အကြောင်းမူကား သူသည် ဘုရားသခင်ကိုကျေးဇူးတင်၏။ မစားသောသူသည်လည်း သခင်ဘုရားအတွက်မစားဘဲနေ၍ ဘုရားသခင်ကိုကျေးဇူးတင်၏။
7 ငါတို့တွင် ကိုယ့်အတွက်အသက်ရှင်သောသူ တစ်ယောက်မျှမရှိ။ ကိုယ့်အတွက်သေသောသူလည်း တစ်ယောက်မျှမရှိ။
8 အကြောင်းမူကား ငါတို့သည် အသက်ရှင်လျှင် သခင်ဘုရားအတွက်အသက်ရှင်၍ သေလျှင် သခင်ဘုရားအတွက်သေ၏။ ထို့ကြောင့် ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။
9 အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် သေလွန်သောသူတို့နှင့်အသက်ရှင်သောသူတို့၏အရှင်သခင်ဖြစ်ရန်အတွက် အသေခံတော်မူပြီးနောက် အသက်ပြန်ရှင်တော်မူ၏။
10 သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
11 အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ ငါသည် အသက်ရှင်သည်ဖြစ်၍ လူတိုင်း ငါ့ရှေ့၌ ဒူးထောက်လိမ့်မည်။ လူတိုင်း၏နှုတ်သည်လည်း ဘုရားသခင်ကိုချီးမွမ်းလိမ့်မည်”ဟု ကျမ်းစာ၌ရေးထား၏။