1 ညီအစ်ကိုတို့၊ ပညတ်တရားကိုသိထားသောသူတို့အား ငါဆိုသည်ကား ပညတ်တရားသည် လူတစ်ဦးကို ထိုသူအသက်ရှင်နေသမျှကာလ၌သာ ချုပ်ကိုင်ထားသည်ကို သင်တို့မသိကြသလော။
2 ဥပမာဆိုသော် ကာမပိုင်ရှိသောအမျိုးသမီးတစ်ဦးသည် ပညတ်တရားအရ အသက်ရှင်နေသောခင်ပွန်းနှင့်အနှောင်အဖွဲ့ရှိ၏။ ခင်ပွန်းသေလျှင်မူကား ခင်ပွန်းနှင့်ပတ်သက်သောပညတ်တရားမှ ကင်းလွတ်၏။
3 သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်နေစဉ် အခြားသောယောက်ျားနှင့်ပေါင်းလျှင် ဖောက်ပြန်သောမိန်းမဟု အခေါ်ခံရလိမ့်မည်။ ခင်ပွန်းသေဆုံးလျှင်မူကား ထိုပညတ်တရားမှ ကင်းလွတ်သည်ဖြစ်၍ အခြားသောယောက်ျားနှင့်ပေါင်းသော်လည်း ဖောက်ပြန်သောမိန်းမမဟုတ်ပေ။
4 ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ကြပြီ။ ဤသည်ကား သင်တို့သည် အခြားသူတည်းဟူသော သေသောသူတို့ထဲမှ ထမြောက်တော်မူသောအရှင်နှင့် သက်ဆိုင်သောသူများဖြစ်လာကြပြီး ဘုရားသခင်အတွက် အသီးများဖြစ်ထွန်းစေရန်ဖြစ်၏။
5 အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။