2 အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
3 ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
4 ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏။
5 သွေးသားဇာတိအလိုအတိုင်း အသက်ရှင်သောသူတို့သည် သွေးသားဇာတိနှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်သောသူတို့မူကား ဝိညာဉ်တော်နှင့်ဆိုင်သောအရာများကို စွဲလမ်းကြ၏။
6 သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။
7 အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် ဘုရားသခင်နှင့် ရန်ဘက်ဖြစ်၏။ အကြောင်းမူကား ထိုစိတ်သဘောသည် ဘုရားသခင်၏ပညတ်တရားကို နာခံခြင်းမရှိ။ အမှန်စင်စစ် နာခံ၍လည်းမရနိုင်။
8 ထို့ကြောင့် သွေးသားဇာတိအားဖြင့်အသက်ရှင်သောသူတို့သည် ဘုရားသခင်ကိုမနှစ်သက်စေနိုင်ကြ။