14 အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
15 ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့အတွက် အသက်မရှင်တော့ဘဲ သူတို့အတွက်အသေခံတော်မူပြီး ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ကြရန်ဖြစ်၏။
16 ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
17 သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
18 ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။
19 ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။
20 ထိုသို့ ဘုရားသခင်သည် ငါတို့မှတစ်ဆင့် တိုက်တွန်းတော်မူသည်ဖြစ်၍ ငါတို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြ၏။ ထို့ကြောင့် “ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ကြလော့”ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။