ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 6 MSB

1 ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​သည်​နှင့်​အ​ညီ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ချည်း​နှီး​မ​ခံ​ယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်​တွန်း​နှိုး​ဆော်​ပါ​၏။

2 အ​ကြောင်း​မူ​ကား ကိုယ်​တော်​က “ငါ​သည် နှစ်​သက်​လက်​ခံ​ဖွယ်​ရာ​အ​ချိန်​၌ သင်​၏​စ​ကား​ကို​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​နေ့​ရက်​၌ သင့်​ကို​ကူ​ညီ​မ​စ​ပြီ”​ဟု မိန့်​တော်​မူ​၏။ ကြည့်​ရှု​လော့။ ယ​ခု​ပင် နှစ်​သက်​လက်​ခံ​ဖွယ်​ရာ​အ​ချိန်​ဖြစ်​၏။ ယ​ခု​ပင် ကယ်​တင်​ရာ​နေ့​ရက်​ဖြစ်​၏။

ပေါ​လု​လုပ်​ဆောင်​သော အ​မှု​တော်​လုပ်​ငန်း​၏​ဝိ​သေ​သ​လက္ခ​ဏာ

3 အ​မှု​တော်​လုပ်​ငန်း​သည် ပြစ်​တင်​ဝေ​ဖန်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​တို့​သည် မည်​သည့်​အ​မှု​အ​ရာ​၌​မျှ လူ​တို့​အ​တွက် ခ​လုတ်​တံ​သင်း​မ​ဖြစ်​စေ​ဘဲ

4 အ​လွန်​သည်း​ခံ​ခြင်း​၌​ဖြစ်​စေ၊ ဒုက္ခ​ဆင်း​ရဲ​ခြင်း​၌​ဖြစ်​စေ၊ ခက်​ခဲ​ကျပ်​တည်း​ခြင်း​၌​ဖြစ်​စေ၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​၌​ဖြစ်​စေ၊

5 ရိုက်​နှက်​ခံ​ရ​ခြင်း​၌​ဖြစ်​စေ၊ အ​ကျဉ်း​ချ​ခံ​ရ​ခြင်း​၌​ဖြစ်​စေ၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​၌​ဖြစ်​စေ၊ ကြိုး​ပမ်း​အား​ထုတ်​ခြင်း​၌​ဖြစ်​စေ၊ အိပ်​ရေး​ပျက်​ခြင်း​၌​ဖြစ်​စေ၊ အ​စာ​ပြတ်​လပ်​ခြင်း​၌​ဖြစ်​စေ၊

6 ဖြူ​စင်​ခြင်း​၌​ဖြစ်​စေ၊ အ​သိ​ပ​ညာ​၌​ဖြစ်​စေ၊ စိတ်​ရှည်​ခြင်း​၌​ဖြစ်​စေ၊ ကျေး​ဇူး​ပြု​ခြင်း​၌​ဖြစ်​စေ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၌​ဖြစ်​စေ၊ ဟန်​ဆောင်​မှု​ကင်း​သော​မေတ္တာ​၌​ဖြစ်​စေ၊

7 သမ္မာ​တ​ရား​ကို​ဟော​ပြော​ခြင်း​၌​ဖြစ်​စေ၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌​ဖြစ်​စေ၊ လက်​ဝဲ​လက်​ယာ​၌​ကိုင်​ထား​သော ဖြောင့်​မတ်​ခြင်း​၏​လက်​နက်​များ​အား​ဖြင့်​ဖြစ်​စေ၊

8 အ​သ​ရေ​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ဂုဏ်​သ​တင်း​ကောင်း​သည်​ဖြစ်​စေ၊ မ​ကောင်း​သည်​ဖြစ်​စေ၊ အ​ရာ​ရာ​၌ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​များ​အ​ဖြစ် ထင်​ရှား​စေ​ကြ​၏။ ငါ​တို့​သည် လှည့်​ဖြား​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း ဖြောင့်​မှန်​သော​သူ​ဖြစ်​ကြ​၏။

9 အ​သိ​အ​မှတ်​ပြု​ခြင်း​မ​ခံ​ရ​သ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။ သေ​အံ့​ဆဲ​ဆဲ​ဖြစ်​နေ​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​ကြ​၏။ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​သတ်​မ​ခံ​ရ​ကြ။

10 ဝမ်း​နည်း​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​စဉ်​ဝမ်း​မြောက်​လျက်​ရှိ​ကြ​၏။ ဆင်း​ရဲ​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း များ​စွာ​သော​သူ​တို့​ကို ကြွယ်​ဝ​ပြည့်​စုံ​စေ​ကြ​၏။ မည်​သည့်​အ​ရာ​မျှ​မ​ရှိ​သော​သူ​ကဲ့​သို့​ဖြစ်​သော်​လည်း အ​လုံး​စုံ​ကို​ပိုင်​ဆိုင်​ကြ​၏။

11 ကော​ရိန္သု​မြို့​သား​တို့၊ ငါ​တို့​သည် သင်​တို့​အား ပွင့်​ပွင့်​လင်း​လင်း​ပြော​ဆို​၍ ငါ​တို့​၏​စိတ်​နှ​လုံး​ကို ကျယ်​စွာ​ဖွင့်​ထား​လေ​ပြီ။

12 ငါ​တို့​သည် ကြင်​နာ​စိတ်​ကို ကန့်​သတ်​ပိတ်​ပင်​ထား​သည်​မ​ဟုတ်။ သင်​တို့​က​သာ သင်​တို့​၏​ကြင်​နာ​စိတ်​ကို ကန့်​သတ်​ပိတ်​ပင်​ထား​ခြင်း​ဖြစ်​၏။

13 သို့​ဖြစ်​၍ သင်​တို့​သည်​လည်း တုံ့​ပြန်​သော​အား​ဖြင့် သင်​တို့​၏​စိတ်​နှ​လုံး​ကို ကျယ်​စွာ​ဖွင့်​ထား​ကြ​လော့​ဟု ကိုယ့်​သား​သ​မီး​များ​အား​ပြော​သ​ကဲ့​သို့ ငါ​ပြော​၏။

ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ခြား​နား​စွာ​နေ​ခြင်း

14 မ​ယုံ​ကြည်​သော​သူ​တို့​နှင့် မ​ညီ​သော​ထမ်း​ပိုး​ကို​မ​ထမ်း​ကြ​နှင့်။ အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​ခြင်း​နှင့်​တ​ရား​မဲ့​ခြင်း​တို့​အ​ကြား​၌ မည်​သို့​သော​ပတ်​သက်​မှု​ရှိ​သ​နည်း။ အ​လင်း​နှင့်​အ​မှောင်​တို့​အ​ကြား​၌ မည်​သို့​သော​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​ရှိ​သ​နည်း။

15 ခ​ရစ်​တော်​နှင့်​ဗေ​လျာ​လ​တို့​အ​ကြား​၌ မည်​သို့​သော​ကိုက်​ညီ​မှု​ရှိ​သ​နည်း။ ယုံ​ကြည်​သူ​နှင့်​မ​ယုံ​ကြည်​သူ​တို့​အ​ကြား​၌ မည်​သို့​သော​အ​ကျိုး​တူ​ခံ​စား​မှု​ရှိ​သ​နည်း။

16 ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့်​ရုပ်​တု​တို့​အ​ကြား​၌ မည်​သို့​သော​သ​ဘော​တူ​ညီ​မှု​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​က “ငါ​သည် သူ​တို့​အ​ထဲ​တွင်​ကိန်း​ဝပ်​လျက် သူ​တို့​အ​လယ်​၌​သွား​လာ​ကာ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ​၏​လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။

17 “ထို့​ကြောင့် ထို​သူ​တို့​အ​ထဲ​မှ ထွက်​၍ သီး​ခြား​နေ​ကြ​လော့”​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။ “ညစ်​ညူး​သော​အ​ရာ​ကို မ​တို့​မ​ထိ​နှင့်။ ထို​သို့​ပြု​လျှင် ငါ​သည် သင်​တို့​ကို​လက်​ခံ​၍

18 သင်​တို့​၏​အ​ဖ​ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​လိမ့်​မည်”​ဟု အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13