ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 8 MSB

အ​လှူ​ခံ​ခြင်း​ကို​ပြီး​ပြည့်​စုံ​စေ​ရန် နှိုး​ဆော်​ခြင်း

1 ညီ​အစ်​ကို​တို့၊ မာ​ကေ​ဒေါ​နိ​ပြည်​ရှိ​အ​သင်း​တော်​များ​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို သင်​တို့​အား ငါ​တို့​ပြော​ပြ​လို​ပါ​၏။

2 သူ​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ကြောင့် ပြင်း​ထန်​သော​စမ်း​သပ်​ခြင်း​ကို​ခံ​ခဲ့​ရ​သော်​လည်း သူ​တို့​၏​ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​နှင့် အ​လွန်​ဆင်း​ရဲ​တွင်း​နက်​ခြင်း​တို့​သည် သူ​တို့​၏​ရက်​ရော​စွာ​ပေး​ကမ်း​ခြင်း​တည်း​ဟူ​သော စည်း​စိမ်​အ​ဖြစ်​သို့ ရောက်​လေ​၏။

3 ငါ​သက်​သေ​ခံ​သည်​ကား သူ​တို့​သည် မိ​မိ​တို့​စိတ်​ဆန္ဒ​အ​လျောက် တတ်​နိုင်​သည့်​အ​တိုင်း​သာ​မ​က တတ်​နိုင်​သည်​ထက် ပို​၍​ပေး​ကမ်း​လျက်

4 သန့်​ရှင်း​သူ​တို့​အား ဝေ​မျှ​ခြင်း​အ​မှု​၌ ပါ​ဝင်​ရ​သော​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ရန် ငါ​တို့​ကို အ​နူး​အ​ညွတ်​မေတ္တာ​ရပ်​ခံ​၍ တောင်း​ပန်​ကြ​၏။

5 သူ​တို့​သည် ငါ​တို့​မျှော်​လင့်​ထား​သည့်​အ​တိုင်း​ထက်​မ​က​ပြု​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ မိ​မိ​တို့​ကိုယ်​ကို သ​ခင်​ဘု​ရား​ထံ​တော်​သို့ ဦး​စွာ​ဆက်​ကပ်​ပြီး​နောက် ငါ​တို့​ထံ​သို့​လည်း ဆက်​ကပ်​ကြ​၏။

6 ထို့​ကြောင့် တိ​တု​သည် ထို​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​ကို သင်​တို့​တွင်​အ​စ​ပြု​ခဲ့​သ​ကဲ့​သို့ ပြီး​ပြည့်​စုံ​သည့်​တိုင်​အောင်​ပြု​မည့်​အ​ကြောင်း သူ့​ကို ငါ​တို့​တိုက်​တွန်း​ကြ​၏။

7 သင်​တို့​သည် ယုံ​ကြည်​ခြင်း​၌​ဖြစ်​စေ၊ ဟော​ပြော​ခြင်း​၌​ဖြစ်​စေ၊ အ​သိ​ပ​ညာ​၌​ဖြစ်​စေ၊ လုံ့​လ​ဝီ​ရိ​ယ​ရှိ​သ​မျှ​၌​ဖြစ်​စေ၊ ငါ​တို့​အ​ပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​၌​ဖြစ်​စေ အ​ရာ​ရာ​၌ ကြွယ်​ဝ​ပြည့်​စုံ​ကြ​သည့်​နည်း​တူ ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​၌​လည်း ကြွယ်​ဝ​ပြည့်​စုံ​ကြ​ပါ​စေ။

8 ထို​သို့​ဆို​သော် ပ​ညတ်​ချက်​အ​နေ​ဖြင့် ငါ​ဆို​သည်​မ​ဟုတ်။ အ​ခြား​သူ​တို့​၏​စိတ်​အား​ထက်​သန်​မှု​အား​ဖြင့် သင်​တို့​ချစ်​ခြင်း​မေတ္တာ​၏​စစ်​မှန်​မှု​ကို စစ်​ဆေး​နေ​ခြင်း​သာ​ဖြစ်​၏။

9 အ​ကြောင်း​မူ​ကား သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်​တော်​သည် ကြွယ်​ဝ​သော်​လည်း သူ​၏​ဆင်း​ရဲ​ခြင်း​အား​ဖြင့် သင်​တို့​ကြွယ်​ဝ​ကြ​မည့်​အ​ကြောင်း သင်​တို့​အ​တွက် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​၏။

10 ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ အ​ကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အ​ကြံ​ကား လွန်​ခဲ့​သော​နှစ်​က​တည်း​က ဤ​အ​မှု​ကို အ​စ​ပြု​ခဲ့​သည်​သာ​မ​က ပြု​လုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အ​တွက် အ​ကျိုး​ရှိ​၏။

11 သင်​တို့​သည် ဆောင်​ရွက်​လို​သည့်​စေ​တ​နာ​စိတ်​ရှိ​သည့်​အ​တိုင်း ရှိ​သည့်​အ​ရာ​ဖြင့် ပြီး​စီး​အောင်​ဆောင်​ရွက်​နိုင်​ရန် ယ​ခု ထို​အ​မှု​ကို​ပြီး​စီး​အောင် ဆောင်​ရွက်​ကြ​လော့။

12 အ​ကြောင်း​မူ​ကား စေ​တ​နာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အ​ရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အ​ရာ​ကို​ထောက်​၍ နှစ်​သက်​လက်​ခံ​တော်​မူ​၏။

13 ဤ​အ​မှု​အ​ရာ​အား​ဖြင့် အ​ခြား​သူ​တို့​ကို​သက်​သာ​စေ​၍ သင်​တို့​ကို​ဒုက္ခ​ရောက်​စေ​ရန်​မ​ဟုတ်။ ညီ​တူ​ညီ​မျှ​ဖြစ်​စေ​ရန်​သာ​ဖြစ်​၏။

14 ယ​ခု​အ​ချိန်​တွင် သင်​တို့​၏​ကြွယ်​ဝ​မှု​သည် သူ​တို့​၏​လို​အပ်​မှု​ကို ဖြည့်​ဆည်း​ပေး​လျှင် သူ​တို့​၏​ကြွယ်​ဝ​မှု​သည်​လည်း သင်​တို့​၏​လို​အပ်​မှု​ကို ဖြည့်​ဆည်း​ပေး​ကြ​လိမ့်​မည်။

15 ထို​အ​ခါ “များ​များ​ရ​သော​သူ​လည်း​မ​ပို နည်း​နည်း​ရ​သော​သူ​လည်း​မ​လို”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း ညီ​တူ​ညီ​မျှ​ဖြစ်​လိမ့်​မည်။

အ​လှူ​ခံ​ခြင်း​အ​ပေါ် စီ​မံ​အုပ်​ချုပ်​မှု

16 သင်​တို့​အ​ပေါ် ငါ​ထား​ရှိ​သော စိတ်​အား​ထက်​သန်​မှု​မျိုး​ကို တိ​တု​၏​စိတ်​နှ​လုံး​ထဲ​၌ ထည့်​သွင်း​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​ချီး​မွမ်း​၏။

17 တိ​တု​သည် ငါ​တို့​၏​တိုက်​တွန်း​မှု​ကို​လက်​ခံ​သည်​သာ​မ​က အ​လွန်​ထက်​သန်​သော​စိတ်​ရှိ​၍ မိ​မိ​စိတ်​ဆန္ဒ​အ​လျောက် သင်​တို့​ထံ​သို့​လာ​၏။

18 တိ​တု​နှင့်​အ​တူ ညီ​အစ်​ကို​တစ်​ဦး​ကို ငါ​တို့​စေ​လွှတ်​လိုက်​ပါ​၏။ သူ​သည် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရာ​တွင် အ​သင်း​တော်​တိုင်း​၌ ချီး​မွမ်း​ခြင်း​ခံ​ရ​သူ​ဖြစ်​သည်​သာ​မ​က

19 သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင်​၏​ဘုန်း​တော်​နှင့် ငါ​တို့​၏​စေ​တ​နာ​စိတ်​တို့​ကို​ထင်​ရှား​စေ​ရန် ငါ​တို့​ပြု​စု​နေ​သော ဤ​ကျေး​ဇူး​ပြု​ခြင်း​အ​မှု​၌ ငါ​တို့​နှင့်​အ​တူ​လိုက်​ပါ​ရန် အ​သင်း​တော်​များ​ထံ​မှ ခန့်​ထား​ခြင်း​ခံ​ရ​သူ​လည်း​ဖြစ်​၏။

20 ငါ​တို့​ပြု​စု​နေ​သည့် ဤ​ရက်​ရော​စွာ​ပေး​လှူ​ခြင်း​အ​မှု​နှင့်​ပတ်​သက်​၍ မည်​သူ​မျှ ငါ​တို့​ကို ပြစ်​တင်​ဝေ​ဖန်​ခြင်း​မ​ပြု​နိုင်​ရန် ငါ​တို့​သ​တိ​ပြု​ကြ​၏။

21 အ​ကြောင်း​မူ​ကား ငါ​တို့​သည် သ​ခင်​ဘု​ရား​ရှေ့​တော်​၌​သာ​မ​က လူ​တို့​ရှေ့​၌​လည်း တင့်​တယ်​လျောက်​ပတ်​သော​အ​မှု​ကို ပြု​မူ​ကျင့်​ကြံ​ကြ​၏။

22 ထို​သူ​တို့​နှင့်​အ​တူ ငါ​တို့​၏​အ​ခြား​ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း စေ​လွှတ်​လိုက်​ပါ​၏။ ငါ​တို့​သည် သူ့​ကို အ​ကြိမ်​ကြိမ်​စစ်​ဆေး​ပြီး သူ​သည် အ​ကြောင်း​ကိစ္စ​များ​စွာ​တို့​၌ စိတ်​အား​ထက်​သန်​သူ​ဖြစ်​ကြောင်း တွေ့​ရှိ​ရ​၏။ သူ​သည် သင်​တို့​အ​ပေါ် ယုံ​ကြည်​စိတ်​ချ​မှု​အ​ပြည့်​အ​ဝ​ရှိ​သော​ကြောင့် ယ​ခု ပို​၍​ပင်​စိတ်​အား​ထက်​သန်​လျက်​ရှိ​၏။

23 တိ​တု​နှင့်​ပတ်​သက်​၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​ပြီး သင်​တို့​အ​တွက် ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အ​ခြား​ညီ​အစ်​ကို​တို့​နှင့်​ပတ်​သက်​၍​ပြော​ရ​လျှင် သူ​တို့​သည် ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​တည်း​ဟူ​သော အ​သင်း​တော်​များ​၏​စေ​တ​မန်​ဖြစ်​ကြ​၏။

24 ထို့​ကြောင့် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​နှင့် သင်​တို့​အ​ကြောင်း ငါ​တို့​ဝါ​ကြွား​ထား​သော​အ​ရာ​တို့​ကို အ​သင်း​တော်​များ​ရှေ့​မှောက်​၌ သူ​တို့​အား​သက်​သေ​ပြ​ကြ​လော့။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13