1 သန့်ရှင်းသူတို့ကိုထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ ငါသည် သင်တို့ထံသို့ အထူးရေးသားရန်မလိုအပ်ပေ။
2 အကြောင်းမူကား သင်တို့၏စေတနာစိတ်ကို ငါသိ၏။ ထိုစေတနာစိတ်အတွက် ငါသည် မာကေဒေါနိပြည်သားတို့အား “အခါယပြည်သည် လွန်ခဲ့သောနှစ်ကတည်းကပင် အသင့်ပြင်ဆင်ထားပြီ”ဟု သင်တို့အကြောင်းကိုဝါကြွားထား၏။ ထိုအခါ သင်တို့၏စိတ်အားထက်သန်မှုသည် များစွာသောသူတို့ကို နှိုးဆော်ပေး၏။
3 ထို့ကြောင့် ဤထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ သင်တို့အကြောင်း ငါတို့ဝါကြွားထားသောအရာသည် အချည်းနှီးမဖြစ်ဘဲ ငါပြောထားသည့်အတိုင်း သင်တို့သည် အသင့်ပြင်ဆင်ထားကြမည့်အကြောင်း ညီအစ်ကိုများကို ငါစေလွှတ်၏။
4 သို့မဟုတ်လျှင် မာကေဒေါနိပြည်သားတို့သည် ငါနှင့်အတူလိုက်လာ၍ သင်တို့သည် အသင့်ပြင်ဆင်ထားခြင်းမရှိကြောင်း တွေ့ရှိပါက သင်တို့ကိုမဆိုထားနှင့် ဤအမှု၌ သင်တို့ကိုစိတ်ချယုံကြည်ထားသောငါတို့ပါ အရှက်ရကြလိမ့်မည်။
5 ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
6 ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။