7 လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။
8 သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။
9 ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
10 မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။
11 ထိုအခါ သင်တို့သည် ရက်ရောစွာပေးကမ်းခြင်းအလုံးစုံတို့အတွက် အရာရာ၌ ကြွယ်ဝပြည့်စုံသဖြင့် ထိုအမှုအရာသည် ငါတို့အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုဖြစ်စေ၏။
12 အဘယ်ကြောင့်ဆိုသော် ဤကူညီထောက်မခြင်းအမှုသည် သန့်ရှင်းသူတို့လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုလည်း များစွာတိုးပွားစေ၏။
13 သူတို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းကို ဝန်ခံခြင်းအားဖြင့်ဖြစ်လာသည့် သင်တို့၏နာခံမှုကိုလည်းကောင်း၊ သူတို့မှစ၍ လူအပေါင်းတို့အား သင်တို့ရက်ရောစွာပေးကမ်းဝေမျှသောအမှုကိုလည်းကောင်း ထောက်၍ ဤကူညီထောက်မခြင်းအမှု၌ ထင်ရှားသောသက်သေအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။