12 ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
13 အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သောအရာတို့မှတစ်ပါး အခြားမည်သည့်အရာကိုမျှ သင်တို့ထံသို့ မရေးခဲ့ကြပေ။
14 သင်တို့သည် ငါတို့ကို တစ်စိတ်တစ်ဒေသ သိထားသည်ဖြစ်၍ ငါတို့သခင်ယေရှု၏နေ့ရက်၌ ငါတို့သည် သင်တို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်ကြောင်းကို သင်တို့စုံလင်စွာသိကြလိမ့်မည်ဟု ငါမျှော်လင့်၏။
15 ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍
16 သင်တို့နေရာကိုဖြတ်လျက် မာကေဒေါနိပြည်သို့ သွားပြီးနောက် တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ထံသို့ပြန်လာ၍ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ယုဒပြည်သို့သွားမည်ဟု စီစဉ်ထား၏။
17 ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော။ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။
18 ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်နှင့်အညီ သင်တို့အား ငါတို့ပြောဆိုသောစကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏” နှင့် “မဟုတ်ပါ”ဟူ၍ ဖြစ်သည်မဟုတ်။