17 ဤသို့စီစဉ်သောအခါ ငါသည် ပေါ့ပေါ့တန်တန်စီစဉ်ခဲ့သလော။ သို့မဟုတ် ငါစီစဉ်သောအရာများကို ဇာတိသဘောဖြင့်စီစဉ်ခဲ့သောကြောင့် ငါ့စကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏။ ဟုတ်ပါ၏” နှင့် “မဟုတ်ပါ။ မဟုတ်ပါ”ဟူ၍ ဖြစ်ခဲ့သလော။
18 ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်နှင့်အညီ သင်တို့အား ငါတို့ပြောဆိုသောစကားသည် တစ်ချိန်တည်းတွင် “ဟုတ်ပါ၏” နှင့် “မဟုတ်ပါ”ဟူ၍ ဖြစ်သည်မဟုတ်။
19 အမှန်စင်စစ် ငါမှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့ထဲတွင်ဟောပြောခဲ့သော ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၌ တစ်ချိန်တည်းတွင် “ဟုတ်ပါ၏” နှင့် “မဟုတ်ပါ”ဟူ၍မရှိဘဲ ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍သာရှိ၏။
20 အကြောင်းမူကား ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ကိုယ်တော်၌ “ဟုတ်ပါ၏”ဟူ၍ ဖြစ်ကြ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ထင်ရှားမည့်အကြောင်း ငါတို့သည် “အာမင်”ဟု ကိုယ်တော်အားဖြင့်ဆိုကြ၏။
21 ငါတို့ကို သင်တို့နှင့်အတူ ခရစ်တော်၌တည်မြဲစေ၍ ငါတို့အား ဘိသိက်ပေးတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
22 ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်နှိပ်တော်မူ၍ စရန်အဖြစ် ငါတို့၏စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို သွင်းပေးတော်မူ၏။
23 ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။