ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:6-12 MSB

6 ငါ​တို့​သည် ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​လျှင် ၎င်း​သည် သင်​တို့​၏​နှစ်​သိမ့်​ခြင်း​နှင့်​ကယ်​တင်​ခြင်း​အ​တွက်​ဖြစ်​၏။ ငါ​တို့​သည် နှစ်​သိမ့်​ခြင်း​ကို​ခံ​စား​ရ​လျှင်​လည်း ၎င်း​သည် သင်​တို့​၏​နှစ်​သိမ့်​ခြင်း​အ​တွက်​ဖြစ်​ပြီး ထို​နှစ်​သိမ့်​ခြင်း​သည် ငါ​တို့​ခံ​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​မျိုး​၌ သင်​တို့​သည်း​ခံ​နိုင်​သည့်​ခွန်​အား​ကို​ဖြစ်​စေ​၏။

7 သင်​တို့​အ​တွက် ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​လည်း ခိုင်​မြဲ​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ဒုက္ခ​ဝေ​ဒ​နာ​ကို မျှ​ဝေ​ခံ​စား​ရ​သ​ကဲ့​သို့ နှစ်​သိမ့်​ခြင်း​ကို​လည်း မျှ​ဝေ​ခံ​စား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

8 ညီ​အစ်​ကို​တို့၊ အာ​ရှ​ပြည်​၌ ငါ​တို့​ကြုံ​တွေ့​ရ​သော​ဆင်း​ရဲ​ဒုက္ခ​အ​ကြောင်း​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​သည် မိ​မိ​တို့​ခံ​နိုင်​စွမ်း​ရှိ​သည်​ထက်​ပို​လွန်​သည့် အ​တိုင်း​ထက်​အ​လွန်​ကြီး​လေး​သော​ဒုက္ခ​ကို​ခံ​ခဲ့​ရ​သ​ဖြင့် အ​သက်​ရှင်​ရန်​ပင် မျှော်​လင့်​ချက်​ကင်း​မဲ့​ကာ

9 သေ​ဒဏ်​စီ​ရင်​ခံ​ရ​ပြီ​ဟု မိ​မိ​တို့​စိတ်​ထဲ​၌​ခံ​စား​မိ​ကြ​၏။ ဤ​သည်​ကား ငါ​တို့​သည် မိ​မိ​ကိုယ်​ကို​မ​ကိုး​စား​ဘဲ သေ​သော​သူ​တို့​ကို​ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​ကိုး​စား​ကြ​ရန်​ဖြစ်​၏။

10 ဘု​ရား​သ​ခင်​သည် ဤ​မျှ​လောက်​ကြီး​မား​သော​သေ​ဘေး​မှ ငါ​တို့​ကို​ကယ်​နုတ်​တော်​မူ​ပြီ။ နောင်​တွင်​လည်း ကယ်​နုတ်​တော်​မူ​လိမ့်​မည်။ ဆက်​၍​လည်း ကယ်​နုတ်​တော်​မူ​ဦး​မည်​ဟု ကိုယ်​တော်​၌ ငါ​တို့​မျှော်​လင့်​ကြ​၏။

11 သင်​တို့​သည်​လည်း ဆု​တောင်း​ခြင်း​အား​ဖြင့် ငါ​တို့​ကို​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​သည်​ဖြစ်​၍ များ​စွာ​သော​သူ​တို့​၏​ဆု​တောင်း​ခြင်း​အား​ဖြင့် ငါ​တို့​ခံ​စား​ရ​သော​ဆု​ကျေး​ဇူး​အ​တွက် များ​စွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်​စား ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​လိမ့်​မည်။

12 ငါ​တို့​၏​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မှာ ဤ​သို့​ဖြစ်​၏။ ငါ​တို့​သည် လော​က​၌၊ အ​ထူး​သ​ဖြင့် သင်​တို့​ရှေ့​မှောက်​၌ လော​ကီ​ဉာဏ်​ပ​ညာ​ကို​အ​မှီ​မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သာ အ​မှီ​ပြု​လျက် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော ရိုး​သား​ဖြူ​စင်​ခြင်း​တို့​ဖြင့် အ​သက်​ရှင်​နေ​ထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အ​သိ​စိတ်​သည် သက်​သေ​ခံ​၏။