7 သင်တို့အတွက် ငါတို့၏မျှော်လင့်ခြင်းသည်လည်း ခိုင်မြဲလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဒုက္ခဝေဒနာကို မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
8 ညီအစ်ကိုတို့၊ အာရှပြည်၌ ငါတို့ကြုံတွေ့ရသောဆင်းရဲဒုက္ခအကြောင်းကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့သည် မိမိတို့ခံနိုင်စွမ်းရှိသည်ထက်ပိုလွန်သည့် အတိုင်းထက်အလွန်ကြီးလေးသောဒုက္ခကိုခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ကာ
9 သေဒဏ်စီရင်ခံရပြီဟု မိမိတို့စိတ်ထဲ၌ခံစားမိကြ၏။ ဤသည်ကား ငါတို့သည် မိမိကိုယ်ကိုမကိုးစားဘဲ သေသောသူတို့ကိုထမြောက်စေတော်မူသော ဘုရားသခင်ကိုကိုးစားကြရန်ဖြစ်၏။
10 ဘုရားသခင်သည် ဤမျှလောက်ကြီးမားသောသေဘေးမှ ငါတို့ကိုကယ်နုတ်တော်မူပြီ။ နောင်တွင်လည်း ကယ်နုတ်တော်မူလိမ့်မည်။ ဆက်၍လည်း ကယ်နုတ်တော်မူဦးမည်ဟု ကိုယ်တော်၌ ငါတို့မျှော်လင့်ကြ၏။
11 သင်တို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါတို့ကိုကူညီဆောင်ရွက်ပေးကြသည်ဖြစ်၍ များစွာသောသူတို့၏ဆုတောင်းခြင်းအားဖြင့် ငါတို့ခံစားရသောဆုကျေးဇူးအတွက် များစွာသောသူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ချီးမွမ်းကြလိမ့်မည်။
12 ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
13 အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သောအရာတို့မှတစ်ပါး အခြားမည်သည့်အရာကိုမျှ သင်တို့ထံသို့ မရေးခဲ့ကြပေ။