4 အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။
5 အမှန်စင်စစ် ငါသည် ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ဟု ငါထင်မှတ်၏။
6 ငါသည် အဟောအပြောပိုင်း၌ ကျွမ်းကျင်မှုမရှိလျှင်ပင် အသိပညာပိုင်း၌မူကား ထိုသို့မဟုတ်ပေ။ ငါတို့သည် ဤအချက်ကို အရာရာ၌ နည်းအမျိုးမျိုးဖြင့် သင်တို့ထံ ထင်ရှားစေခဲ့ပြီ။
7 သင်တို့ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကိုနှိမ့်ချလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းဖြင့် အပြစ်ကျူးလွန်ခဲ့သလော။
8 ငါသည် သင်တို့အမှုကိုဆောင်ရွက်ရန် အခြားသောအသင်းတော်များထံမှ စရိတ်တောင်းယူခြင်းအားဖြင့် သူတို့ကိုလုယူခဲ့၏။
9 မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။
10 ခရစ်တော်၏သမ္မာတရားသည် ငါ၌ရှိသည်နှင့်အညီ ငါ၌ရှိသည့် ဤဂုဏ်ယူဝါကြွားခြင်းကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ ပိတ်ပင်၍ရမည်မဟုတ်။