1 ထို့ကြောင့် ငါတို့သည် ကရုဏာတော်ကိုခံစားရလျက် ဤအမှုတော်ကိုဆောင်ရွက်ရသည်ဖြစ်၍ စိတ်ပျက်အားလျော့ခြင်းမရှိကြချေ။
2 ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
3 ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် ဖုံးအုပ်ခြင်းခံရသည်ဆိုလျှင် ပျက်စီးခြင်းသို့ရောက်သောသူတို့၌သာ ဖုံးအုပ်ခြင်းခံရ၏။
4 ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။