11 ယေရှု၏အသက်ရှင်တော်မူခြင်းသည် သေတတ်သောငါတို့၏ကိုယ်ကာယ၌ ထင်ရှားမည့်အကြောင်း အသက်ရှင်လျက်ရှိသောငါတို့သည် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်မပြတ်အပ်နှံခြင်းကိုခံရကြ၏။
12 ဤသို့ဖြင့် သေခြင်းသည် ငါတို့၌အလုပ်လုပ်လျက်နေ၍ အသက်ရှင်ခြင်းသည် သင်တို့၌အလုပ်လုပ်လျက်နေ၏။
13 “ငါယုံကြည်သောကြောင့် ငါဟောပြော၏”ဟု ရေးထားသည့်အတိုင်း ထိုယုံကြည်ခြင်းနှင့်ဆိုင်သောဝိညာဉ်တော်ကို ငါတို့ရရှိကြသည်ဖြစ်၍ ငါတို့သည်လည်း ယုံကြည်သောကြောင့် ဟောပြောကြ၏။
14 အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
15 ခပ်သိမ်းသောအရာတို့သည် သင်တို့အတွက်ဖြစ်၏။ ဤသည်ကား များစွာသောသူတို့၌ ကျေးဇူးတော်သည်တိုးပွားလာသဖြင့် ဘုရားသခင်၏ဘုန်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ကြွယ်ဝပြည့်စုံစေမည့်အကြောင်းတည်း။
16 ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
17 အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။