5 အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
6 “အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။
7 သို့သော် အလွန်ထူးမြတ်သော ဤတန်ခိုးသည် ငါတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှဖြစ်ကြောင်း ထင်ရှားစေရန် ငါတို့သည် ဤရတနာကို မြေအိုးထဲ၌ဆောင်ထားကြ၏။
8 ငါတို့သည် အဘက်ဘက်မှနှိပ်စက်ခြင်းခံရသော်လည်း ချေမှုန်းခြင်းမခံရ။ တွေးမရဖြစ်သော်လည်း မျှော်လင့်ချက်ကင်းမဲ့သည်ဟူ၍မရှိ။
9 ညှဉ်းဆဲခြင်းကိုခံရသော်လည်း စွန့်ပစ်ခြင်းကိုမခံရ။ အလဲထိုးခံရသော်လည်း ဆုံးရှုံးခြင်းသို့မရောက်။
10 ယေရှု၏အသက်ရှင်တော်မူခြင်းသည် ငါတို့၏ကိုယ်ခန္ဓာ၌ ထင်ရှားမည့်အကြောင်း ယေရှု၏အသေခံတော်မူခြင်းကို ငါတို့ကိုယ်ခန္ဓာ၌ အစဉ်ဆောင်ထားကြ၏။
11 ယေရှု၏အသက်ရှင်တော်မူခြင်းသည် သေတတ်သောငါတို့၏ကိုယ်ကာယ၌ ထင်ရှားမည့်အကြောင်း အသက်ရှင်လျက်ရှိသောငါတို့သည် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်မပြတ်အပ်နှံခြင်းကိုခံရကြ၏။