8 ငါရေးလိုက်သောစာအားဖြင့် သင်တို့ကို ဝမ်းနည်းစေခဲ့သော်လည်း ငါသည် စိတ်မကောင်းမဖြစ်ပေ။ ထိုစာသည် သင်တို့ကို ခေတ္တခဏဝမ်းနည်းစေခဲ့သည်ကို ငါမြင်၍ စိတ်မကောင်းဖြစ်ခဲ့လျှင်ပင်
9 ယခု ငါဝမ်းမြောက်လျက်ရှိ၏။ ထိုသို့ဆိုသော် သင်တို့ကိုဝမ်းနည်းစေခဲ့သောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့်သာဖြစ်၏။ အမှန်စင်စစ် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ငါတို့ကြောင့် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရချေ။
10 အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။
11 ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။
12 သို့ဖြစ်၍ ငါသည် သင်တို့ထံသို့ရေးသားခဲ့ခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူအတွက်ကြောင့်လည်းမဟုတ်။ ငါတို့အပေါ်ထားရှိသော သင်တို့၏စိတ်အားထက်သန်မှုကို ဘုရားသခင်ရှေ့တော်၌ သင်တို့ကိုယ်တိုင်တွေ့မြင်ကြစေရန်အတွက်သာဖြစ်၏။
13 ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။
14 ငါသည် သင်တို့အကြောင်းကို တိတုအား အနည်းငယ်ဝါကြွားခဲ့သော်လည်း အရှက်မရခဲ့ပေ။ အကြောင်းမူကား သင်တို့အား ငါတို့ပြောခဲ့သောအရာအားလုံးတို့သည် ဟုတ်မှန်သည့်နည်းတူ တိတုကို ငါတို့ဝါကြွားထားသောအရာသည်လည်း ဟုတ်မှန်ကြောင်းထင်ရှားခဲ့ပြီ။