5 ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
6 ငါသည် ဤသို့ဆိုလို၏။ အနည်းငယ်သာမျိုးကြဲသောသူသည် အနည်းငယ်သာရိတ်သိမ်းရမည်။ များစွာမျိုးကြဲသောသူသည် များစွာရိတ်သိမ်းရမည်။
7 လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။
8 သင်တို့သည် အရာရာ၌ အစဉ်အမြဲ ကျေနပ်တင်းတိမ်မှုအပြည့်အဝရှိ၍ ကောင်းသောအမှုရှိသမျှတို့နှင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ဘုရားသခင်သည် အလုံးစုံသောကျေးဇူးတော်ကို သင်တို့အပေါ် ကြွယ်ဝစွာချပေးရန် တတ်နိုင်တော်မူ၏။
9 ဤသည်ကား “သူသည်စွန့်ကြဲ၍ ဆင်းရဲသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝစဉ်တည်၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
10 မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။
11 ထိုအခါ သင်တို့သည် ရက်ရောစွာပေးကမ်းခြင်းအလုံးစုံတို့အတွက် အရာရာ၌ ကြွယ်ဝပြည့်စုံသဖြင့် ထိုအမှုအရာသည် ငါတို့အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုဖြစ်စေ၏။