12 သင်တို့အသီးသီးက “ငါသည် ပေါလုတပည့်ဖြစ်သည်။ ငါသည် အာပေါလုတပည့်ဖြစ်သည်။ ငါသည် ကေဖတပည့်ဖြစ်သည်။ ငါသည် ခရစ်တော်တပည့်ဖြစ်သည်”ဟု ပြောဆိုနေကြသောကြောင့် ဤစကားကို ယခု ငါပြောရ၏။
13 ခရစ်တော်ကို ကွဲပြားစေကြပြီလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းကို ခံရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံခံခဲ့ကြသလော။
14 ငါသည် သင်တို့ထဲမှ ကရိပ္ပုနှင့်ဂါယုတို့မှတစ်ပါး အခြားမည်သူ့ကိုမျှ ဗတ္တိဇံမပေးခဲ့သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်၏။
15 သို့ဖြစ်၍ ငါ၏နာမ၌ ဗတ္တိဇံခံခဲ့သည်ဟု မည်သူမျှ ပြောစရာအကြောင်းမရှိ။
16 ငါသည် သတေဖနာ၏အိမ်သူအိမ်သားများကိုလည်း ဗတ္တိဇံပေးခဲ့ပါ၏။ ထိုသူတို့မှလွဲ၍ အခြားသူတစ်စုံတစ်ဦးအား ဗတ္တိဇံပေးခဲ့သည်မပေးခဲ့သည်ကို ငါမမှတ်မိချေ။
17 အကြောင်းမူကား ဗတ္တိဇံပေးစေရန် ခရစ်တော်သည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် စေလွှတ်တော်မူ၏။ ထိုသို့ဟောပြောရာ၌လည်း ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို အချည်းနှီးမဖြစ်စေရန် နှုတ်အတတ်အားဖြင့်ဟောပြောရန်မဟုတ်။
18 အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။