ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 12 MSB

ဝိ​ညာဉ်​ဆု​ကျေး​ဇူး​အ​မျိုး​မျိုး

1 ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ​နှင့်​ပတ်​သက်​၍ အောက်​ပါ​အ​ကြောင်း​အ​ရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။

2 သင်​တို့​သည် ဘာ​သာ​ခြား​ဖြစ်​ကြ​စဉ်​က စ​ကား​မ​ပြော​နိုင်​သော​ရုပ်​တု​များ​ထံ​သို့ တစ်​နည်း​နည်း​ဖြင့် ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​၍ လမ်း​လွဲ​ခဲ့​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

3 ထို့​ကြောင့် သင်​တို့​အား ငါ​သိ​စေ​လို​သည်​မှာ မည်​သူ​က​မျှ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် “ယေ​ရှု​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ”​ဟု ပြော​ဆို​မည်​မ​ဟုတ်။ ထို့​အ​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​မ​ဟုတ်​လျှင် မည်​သူ​က​မျှ “ယေ​ရှု​သည် သ​ခင်​ဖြစ်​တော်​မူ​၏”​ဟူ​၍ မ​ပြော​ဆို​နိုင်​ပေ။

4 ဆု​ကျေး​ဇူး​သည် အ​မျိုး​မျိုး​ရှိ​သော်​လည်း ဝိ​ညာဉ်​တော်​သည် တစ်​ပါး​တည်း​ရှိ​၏။

5 အ​မှု​တော်​လုပ်​ငန်း​သည် အ​မျိုး​မျိုး​ရှိ​သော်​လည်း သ​ခင်​ဘု​ရား​သည် တစ်​ပါး​တည်း​ရှိ​၏။

6 လုပ်​ဆောင်​ချက်​အ​မျိုး​မျိုး​ရှိ​သော်​လည်း လူ​အ​ပေါင်း​တို့​၌ ခပ်​သိမ်း​သော​အ​မှု​ကို​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် တစ်​ပါး​တည်း​ရှိ​၏။

7 သို့​သော် အ​များ​ကောင်း​ကျိုး​အ​တွက် တစ်​ဦး​စီ​၌ ဝိ​ညာဉ်​တော်​၏​ထင်​ရှား​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ​၏။

8 အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်​ပ​ညာ​စ​ကား​ကို​လည်း​ကောင်း၊ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ခြား​တစ်​ဦး​အား အ​သိ​ပ​ညာ​စ​ကား​ကို​လည်း​ကောင်း၊

9 ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ခြား​တစ်​ဦး​အား ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ထို​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် အ​ခြား​တစ်​ဦး​အား အ​နာ​ရော​ဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေး​ဇူး​ကို​လည်း​ကောင်း၊

10 အ​ခြား​တစ်​ဦး​အား တန်​ခိုး​လက္ခ​ဏာ​ပြု​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား စိတ်​ဝိ​ညာဉ်​တို့​ကို​ပိုင်း​ခြား​၍​သိ​ရှိ​နိုင်​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား အ​ခြား​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​နိုင်​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ဦး​အား ထို​ဘာ​သာ​စ​ကား​များ​၏​အ​နက်​ကို​ဖော်​ပြ​နိုင်​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ​၏။

11 ထို​ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​သည် ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို လုပ်​ဆောင်​တော်​မူ​၍ အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​ဆု​ကျေး​ဇူး​များ​ကို တစ်​ဦး​စီ​အား အ​သီး​သီး​ခွဲ​ဝေ​ပေး​တော်​မူ​၏။

ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​၌​ရှိ​သောအင်္ဂါ​အ​စိတ်​အ​ပိုင်း​များ

12 ထို့​ကြောင့် ကိုယ်​ခန္ဓာ​သည် တစ်​ခု​တည်း​ဖြစ်​သော်​လည်း အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​စွာ​ရှိ​၍ ကိုယ်​ခန္ဓာ​၌​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​စွာ​ရှိ​သော်​လည်း အား​လုံး​သည် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့ ခ​ရစ်​တော်​သည်​လည်း ထို​နည်း​တူ​ဖြစ်​တော်​မူ​၏။

13 အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့ ဗတ္တိ​ဇံ​ခံ​ကြ​ပြီး အား​လုံး​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​ကို သောက်​ကြ​ရ​၏။

14 ကိုယ်​ခန္ဓာ​၌ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​ရှိ​သည်​မ​ဟုတ်​ဘဲ များ​စွာ​ရှိ​၏။

15 ခြေ​က “ငါ​သည် လက်​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

16 နား​က​လည်း “ငါ​သည် မျက်​စိ​မ​ဟုတ်​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်”​ဟု ဆို​လျှင် ထို​သို့​ဆို​သော​ကြောင့် ကိုယ်​ခန္ဓာ​နှင့်​မ​ဆိုင်​တော့​သည်​မ​ဟုတ်။

17 ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မျက်​စိ​ဖြစ်​လျှင် မည်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် နား​ဖြစ်​လျှင် မည်​သို့​အ​နံ့​ရ​နိုင်​မည်​နည်း။

18 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​လို​တော်​ရှိ​သည့်​အ​တိုင်း ထို​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို ကိုယ်​ခန္ဓာ​၌ အ​သီး​သီး​ပြင်​ဆင်​ပေး​တော်​မူ​၏။

19 အား​လုံး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​မျိုး​တည်း​ဖြစ်​ခဲ့​လျှင် ကိုယ်​ခန္ဓာ​သည် အ​ဘယ်​မှာ​ရှိ​မည်​နည်း။

20 ယ​ခု​မူ​ကား အင်္ဂါ​အ​စိတ်​အ​ပိုင်း​သည် များ​စွာ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​သည် တစ်​ခု​တည်း​ရှိ​၏။

21 မျက်​စိ​က လက်​အား “သင့်​ကို ငါ​အ​လို​မ​ရှိ”​ဟု ပြော​၍​မ​ရ​သ​ကဲ့​သို့ ဦး​ခေါင်း​က​လည်း ခြေ​တို့​အား “သင်​တို့​ကို ငါ​အ​လို​မ​ရှိ”​ဟု ပြော​၍​မ​ရ​ပေ။

22 ထို​မျှ​မ​က ကိုယ်​ခန္ဓာ​၌ ပို​၍​အား​နည်း​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့​သည် ပို​၍​ပင်​လို​အပ်​သော အင်္ဂါ​များ​ဖြစ်​ကြ​၏။

23 ကိုယ်​ခန္ဓာ​တွင် ဂုဏ်​သ​ရေ​မဲ့​သည်​ဟု​ထင်​ရ​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​တို့​ကို ပို​၍​ကြီး​သော​ဂုဏ်​သ​ရေ​ဖြင့် ငါ​တို့​ဆင်​ယင်​တတ်​ကြ​၏။ ငါ​တို့​၏​အ​မြင်​မ​တင့်​တယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ကို​လည်း အ​မြင်​တင့်​တယ်​အောင် ပို​၍​ဂ​ရု​စိုက်​တတ်​၏။

24 အ​မြင်​တင့်​တယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​မူ​ကား ထို​သို့​ပြု​ရန်​မ​လို​အပ်​ပေ။ သို့​သော် ဘု​ရား​သ​ခင်​သည် ဂုဏ်​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​အား သာ​၍​ကြီး​သော​ဂုဏ်​သ​ရေ​ကို​ပေး​၍ ကိုယ်​ခန္ဓာ​ကို ပေါင်း​စပ်​ဖွဲ့​စည်း​တော်​မူ​၏။

25 ဤ​သည်​ကား ကိုယ်​ခန္ဓာ​၌ ကွဲ​ပြား​မှု​မ​ရှိ​ဘဲ အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​သည် အ​ချင်း​ချင်း​ဂ​ရု​စိုက်​ကြ​စေ​ရန်​အ​တွက်​ဖြစ်​၏။

26 သို့​ဖြစ်​၍ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​သည် ဝေ​ဒ​နာ​ခံ​စား​ရ​လျှင် အင်္ဂါ​အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​သည် အ​တူ​တ​ကွ​ခံ​စား​ရ​ကြ​၏။ အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​သည် ချီး​မြှောက်​ခြင်း​ခံ​ရ​လျှင် အင်္ဂါ​အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​သည် အ​တူ​တ​ကွ​ဝမ်း​မြောက်​ကြ​၏။

27 သင်​တို့​သည် ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​ဖြစ်​ကြ​ပြီး အ​သီး​သီး​သည် အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ဖြစ်​ကြ​၏။

28 ဘု​ရား​သ​ခင်​သည် အ​သင်း​တော်​၌ ပ​ထ​မ​အ​နေ​ဖြင့် တ​မန်​တော်​များ၊ ဒု​တိ​ယ​အ​နေ​ဖြင့် ပ​ရော​ဖက်​များ၊ တ​တိ​ယ​အ​နေ​ဖြင့် ဆ​ရာ​များ၊ ထို့​နောက် တန်​ခိုး​လက္ခ​ဏာ​ကို​ပြု​သော​သူ​များ၊ ထို့​နောက် အ​နာ​ရော​ဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေး​ဇူး​ရ​ရှိ​သူ​များ၊ ကူ​ညီ​မ​စ​သူ​များ၊ စီ​မံ​အုပ်​ချုပ်​သူ​များ၊ အ​ခြား​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​သူ​များ စ​သည်​တို့​ကို ခန့်​ထား​တော်​မူ​၏။

29 အား​လုံး​သည် တ​မန်​တော်​ဖြစ်​သ​လော။ အား​လုံး​သည် ပ​ရော​ဖက်​ဖြစ်​သ​လော။ အား​လုံး​သည် ဆ​ရာ​ဖြစ်​သ​လော။ အား​လုံး​သည် တန်​ခိုး​လက္ခ​ဏာ​ပြု​သော​သူ​ဖြစ်​သ​လော။

30 အား​လုံး​သည် အ​နာ​ရော​ဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​သ​လော။ အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သ​လော။ အား​လုံး​သည် ၎င်း​၏​အ​နက်​ကို​ဖွင့်​နိုင်​သ​လော။

31 သင်​တို့​မူ​ကား ပို​၍​မြတ်​သော​ဆု​ကျေး​ဇူး​တို့​ကို အ​လွန်​လို​ချင်​သော​စိတ်​ရှိ​ကြ​လော့။ ငါ​သည် သင်​တို့​အား သာ​၍​ထူး​မြတ်​သော​လမ်း​ကို ပြ​ဦး​မည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16