ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 2 MSB

ပေါ​လု​၏​ဟော​ပြော​ချက်

1 ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​သို့​ရောက်​လာ​စဉ်​က ထူး​မြတ်​သော​စ​ကား​နှင့် ဉာဏ်​ပ​ညာ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို သင်​တို့​အား ဟော​ပြော​သည်​မ​ဟုတ်။

2 အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​တွင် ယေ​ရှု​ခ​ရစ်​တော်​တည်း​ဟူ​သော လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သည့် ထို​သ​ခင်​၏​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မ​သိ​မ​မှတ်​ရန် ဆုံး​ဖြတ်​ထား​၏။

3 ငါ​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​က အား​နည်း​၍ ကြောက်​ရွံ့​ကာ အ​လွန်​တုန်​လှုပ်​လျက်​နေ​၏။

4 ငါ​၏​စ​ကား​နှင့် ငါ​၏​ဟော​ပြော​ချက်​တို့​သည်​လည်း ဆွဲ​ဆောင်​မှု​ရှိ​သည့် ဉာဏ်​ပ​ညာ​စ​ကား​အား​ဖြင့်​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး​တော်​တို့​၏​သက်​သေ​အ​ထောက်​အ​ထား​အား​ဖြင့်​ဖြစ်​၏။

5 ဤ​သည်​ကား သင်​တို့​၏​ယုံ​ကြည်​ခြင်း​သည် လူ​တို့​၏​ဉာဏ်​ပ​ညာ​၌​မ​တည်​ဘဲ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​၌​တည်​မည့်​အ​ကြောင်း​တည်း။

ဝိ​ညာဉ်​ရေး​ရာ​ဉာဏ်​ပ​ညာ

6 သို့​ရာ​တွင် ငါ​တို့​သည် စုံ​လင်​ရင့်​ကျက်​သော​သူ​တို့​အ​ထဲ​၌ ဉာဏ်​ပ​ညာ​စ​ကား​ကို​ပြော​ဆို​ကြ​၏။ ထို​သို့​ဆို​သော် ၎င်း​သည် ဤ​လော​က​၏​ဉာဏ်​ပ​ညာ​မ​ဟုတ်။ ပယ်​ဖျက်​ခြင်း​ခံ​ရ​တော့​မည့် ဤ​လော​က​ကို​အုပ်​ချုပ်​သူ​တို့​၏​ဉာဏ်​ပ​ညာ​လည်း​မ​ဟုတ်။

7 ငါ​တို့​ပြော​ဆို​သော​အ​ရာ​မှာ ဝှက်​ထား​ခြင်း​ခံ​ရ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​ပင်​ဖြစ်​၏။ ဘု​ရား​သ​ခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ထို​ဉာဏ်​ပ​ညာ​ကို ငါ​တို့​၏​ဘုန်း​အ​သ​ရေ​အ​တွက် ကြို​တင်​သတ်​မှတ်​ထား​တော်​မူ​၏။

8 ဤ​လော​က​ကို​အုပ်​ချုပ်​သူ​များ​တွင် မည်​သူ​က​မျှ ထို​ဉာဏ်​ပ​ညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူ​ကား ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။

9 သို့​သော် ကျမ်း​စာ​၌​ရေး​ထား​သည်​နှင့်​အ​ညီ “မျက်​စိ​ဖြင့် မ​မြင်​ဖူး​သော​အ​ရာ၊ နား​ဖြင့် မ​ကြား​ဖူး​သော​အ​ရာ၊ လူ​၏​စိတ်​နှ​လုံး​၌ မ​တွေး​မိ​ဖူး​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အား​ချစ်​သော​သူ​တို့​အ​တွက် ပြင်​ဆင်​ထား​တော်​မူ​၏။”

10 သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ရာ​များ​မှ​စ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စူး​စမ်း​တော်​မူ​၏။

11 လူ​နှင့်​ဆိုင်​သော​အ​ရာ​တို့​ကို သူ့​အ​ထဲ​၌​ရှိ​သော သူ​၏​ဝိ​ညာဉ်​မှ​တစ်​ပါး မည်​သူ​သိ​သ​နည်း။ ထို့​အ​တူ ဘု​ရား​သ​ခင်​နှင့်​ဆိုင်​သော​အ​ရာ​တို့​ကို​လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​မှ​တစ်​ပါး မည်​သူ​မျှ​မ​သိ။

12 ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို ခံ​ယူ​ရ​ရှိ​ကြ​သည်​မ​ဟုတ်​ဘဲ ငါ​တို့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​တို့​ကို သိ​ရှိ​နိုင်​ရန် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော​ဝိ​ညာဉ်​တော်​ကို ခံ​ယူ​ရ​ရှိ​ကြ​၏။

13 ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​တို့​ကို ငါ​တို့​ဟော​ပြော​သော​အ​ခါ လူ့​ဉာဏ်​ပ​ညာ​က သင်​ကြား​ပေး​သော​စ​ကား​အား​ဖြင့်​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​က သင်​ကြား​ပေး​သော​စ​ကား​အား​ဖြင့် ဟော​ပြော​၍ ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​သော​အ​ရာ​တို့​ကို ဝိ​ညာဉ်​သ​ဘော​အား​ဖြင့် နှိုင်း​ယှဉ်​သုံး​သပ်​ကြ​၏။

14 ဇာ​တိ​နှင့်​ဆိုင်​သော​လူ​သည် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​တို့​ကို မ​ခံ​ယူ​ပေ။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​တို့​သည် သူ့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား​၍​သိ​နိုင်​သည်​ဖြစ်​၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။

15 ဝိ​ညာဉ်​သ​ဘော​ရှိ​သော​သူ​မူ​ကား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​၍​သိ​တတ်​၏။ သို့​သော် ထို​သူ​ကို မည်​သူ​က​မျှ ပိုင်း​ခြား​၍​မ​သိ​နိုင်။

16 အ​ကြောင်း​မူ​ကား မည်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော်​ကို​သိ​၍ သူ့​ကို​သွန်​သင်​လိမ့်​မည်​နည်း။ ငါ​တို့​၌​မူ​ကား ခ​ရစ်​တော်​၏​စိတ်​ရှိ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16