ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9 MSB

တ​မန်​တော်​၌​ရှိ​သော​အ​ခွင့်​များ

1 ငါ​သည် လွတ်​လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တ​မန်​တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ကို ဖူး​မြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သ​ခင်​ဘု​ရား​၌ ငါ​၏​လုပ်​ဆောင်​မှု​ရ​လဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

2 အ​ခြား​သော​သူ​တို့​အ​တွက် ငါ​သည် တ​မန်​တော်​မ​ဖြစ်​ခဲ့​လျှင်​ပင် သင်​တို့​အ​တွက်​မူ​ကား ငါ​သည် တ​မန်​တော်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် သ​ခင်​ဘု​ရား​၌ ငါ​၏​တ​မန်​တော်​ဖြစ်​ခြင်း​၏​တံ​ဆိပ်​ဖြစ်​ကြ​၏။

3 ငါ့​ကို​စစ်​ဆေး​စီ​ရင်​သော​သူ​တို့​အား ဤ​သို့ ငါ​ဖြေ​ရှင်း​ပြော​ဆို​၏။

4 ငါ​တို့​တွင် စား​သောက်​ရ​သော​အ​ခွင့်​မ​ရှိ​သ​လော။

5 ငါ​တို့​သည် ကေ​ဖ​နှင့် သ​ခင်​ဘု​ရား​၏​ညီ​တော်​များ​မှ​စ​၍ အ​ခြား​သော​တ​မန်​တော်​များ​ကဲ့​သို့ ယုံ​ကြည်​သူ​ဖြစ်​သော​ဇ​နီး​သည်​ကို ခ​ရီး​သွား​ရာ​၌ ခေါ်​ဆောင်​ခွင့်​မ​ရှိ​ကြ​သ​လော။

6 သို့​မ​ဟုတ် ငါ​နှင့်​ဗာ​န​ဗ​၌​သာ အ​လုပ်​မ​လုပ်​ဘဲ​နေ​ရ​သော​အ​ခွင့်​မ​ရှိ​သ​လော။

7 မည်​သူ​သည် မိ​မိ​စ​ရိတ်​ဖြင့် စစ်​မှု​ထမ်း​ဖူး​သ​နည်း။ မည်​သူ​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​ပြီး ၎င်း​၏​အ​သီး​ကို မ​စား​ဘဲ​နေ​သ​နည်း။ သို့​မ​ဟုတ် မည်​သူ​သည် သိုး​အုပ်​ကို​ထိန်း​ကျောင်း​ပြီး သိုး​တို့​၏​နို့​ကို မ​သောက်​ဘဲ​နေ​သ​နည်း။

8 ငါ​သည် ဤ​အ​ရာ​များ​ကို လူ့​သ​ဘော​အား​ဖြင့် ပြော​ဆို​နေ​သ​လော။ ပ​ညတ်​တ​ရား​သည်​လည်း ထို​သို့​ဆို​ထား​သည်​မ​ဟုတ်​လော။

9 အ​ကြောင်း​မူ​ကား မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ “စ​ပါး​နယ်​နေ​သည့်​နွား​ကို ပါး​ချုပ်​မ​တပ်​ရ”​ဟု ရေး​ထား​၏။ ဘု​ရား​သ​ခင်​သည် နွား​တို့​ကို ဂ​ရု​စိုက်​တော်​မူ​သ​လော။

10 သို့​မ​ဟုတ် ငါ​တို့​အ​တွက်​သာ​မိန့်​တော်​မူ​သ​လော။ အ​မှန်​ပင် ငါ​တို့​အ​တွက်​ရေး​ထား​ခြင်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လယ်​ထွန်​သော​သူ​သည် မျှော်​လင့်​လျက်​ထွန်​ယက်​သင့်​သည်​ဖြစ်​၍ စ​ပါး​နယ်​သော​သူ​သည်​လည်း မျှ​ဝေ​ခံ​စား​ခွင့်​ကို​မျှော်​လင့်​လျက် စ​ပါး​နယ်​သင့်​၏။

11 ငါ​တို့​သည် ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​၌​စိုက်​ပျိုး​ခဲ့​သည်​ဆို​လျှင် သင်​တို့​ထံ​မှ ရုပ်​ဝတ္ထု​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ရိတ်​သိမ်း​ကြ​ခြင်း​သည် လွန်​ရာ​ကျ​သ​လော။

12 အ​ခြား​သော​သူ​တို့​သည် သင်​တို့​ထံ​မှ ဤ​အ​ခွင့်​ကို ခံ​စား​ရ​ကြ​လျှင် ငါ​တို့​သည် သာ​၍​ခံ​စား​ထိုက်​သည်​မ​ဟုတ်​လော။ သို့​သော် ငါ​တို့​သည် ဤ​အ​ခွင့်​ကို​မ​သုံး​ဘဲ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် မည်​သည့်​အ​ဟန့်​အ​တား​မျှ​မ​ရှိ​စေ​ရန် အ​ရာ​ရာ​၌ သည်း​ခံ​ကြ​၏။

13 ဗိ​မာန်​တော်​အ​မှု​ကိစ္စ​များ​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​မှ​ရ​ရှိ​သော​အ​ရာ​များ​ကို စား​သောက်​ကြ​၍ ယဇ်​ပလ္လင်​၌​အ​မှု​ထမ်း​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ပူ​ဇော်​သက္ကာ​များ​ကို မျှ​ဝေ​ခံ​စား​ခွင့်​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။

14 ထို​နည်း​တူ ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သော​သူ​တို့​သည်​လည်း ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် အ​သက်​မွေး​ကြ​ရန် သ​ခင်​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။

15 သို့​သော် ငါ​သည် ဤ​အ​ခွင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​သုံး​ခဲ့​ချေ။ ငါ့​အား ထို​သို့​ပြု​စေ​လို​၍ ဤ​အ​ရာ​များ​ကို ငါ​ရေး​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ငါ​၏​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ကို သူ​တစ်​ပါး​က အ​ချည်း​နှီး​ဖြစ်​စေ​သည်​ထက် ငါ​သေ​သော် သာ​၍​ကောင်း​၏။

16 ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျှင်​လည်း ငါ့​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​၌​မ​ဖြစ်​မ​နေ​ဟော​ပြော​ရ​မည့်​တာ​ဝန်​ရှိ​၏။ ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​မ​ဟော​ပြော​ဘဲ​နေ​လျှင် ငါ့​အ​တွက် အမင်္ဂ​လာ​ဖြစ်​၏။

17 ထို​အ​မှု​ကို ငါ​၏​ဆန္ဒ​အ​လျောက်​ဆောင်​ရွက်​လျှင် ငါ့​အ​တွက် ဆု​လာဘ်​ရှိ​၏။ သို့​သော် ငါ​၏​ဆန္ဒ​အ​လျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီ​မံ​ခန့်​ခွဲ​မှု​ကို ငါ​၌​ယုံ​ကြည်​အပ်​နှံ​ထား​ပြီ​ဖြစ်​၏။

18 သို့​ဖြစ်​လျှင် ငါ့​အ​တွက် မည်​သည့်​ဆု​လာဘ်​ရှိ​သ​နည်း။ ၎င်း​မှာ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​သည့်​အ​ခါ အ​ဖိုး​အ​ခ​မ​ယူ​ဘဲ ထို​သ​တင်း​ကို ဝေ​ငှ​ဟော​ပြော​၍ ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော ငါ​၏​ရ​ပိုင်​ခွင့်​ကို အ​ပြည့်​အ​ဝ​အ​သုံး​မ​ချ​ဘဲ​နေ​ခြင်း​ပင်​ဖြစ်​၏။

19 ငါ​သည် လူ​အ​ပေါင်း​တို့​ရှေ့​၌ လွတ်​လပ်​သူ​ဖြစ်​သော်​လည်း ပို​၍​များ​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် လူ​အ​ပေါင်း​တို့​ထံ​၌ ကိုယ်​တိုင်​ကျွန်​ခံ​၏။

20 ဂျူး​လူ​မျိုး​တို့​ကို​ရ​ရှိ​နိုင်​ရန် ဂျူး​လူ​မျိုး​တို့​တွင် ဂျူး​လူ​မျိုး​ကဲ့​သို့​ဖြစ်​၏။ ငါ​ကိုယ်​တိုင် ပ​ညတ်​တ​ရား​အောက်​၌​မ​ရှိ​သော်​လည်း ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​အ​တွက် ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​ကဲ့​သို့​ဖြစ်​၏။

21 ငါ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​နှင့် ကင်း​ဝေး​သော​သူ​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​၏​ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော်​လည်း ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​တို့​တွင် ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​ကဲ့​သို့​ဖြစ်​၏။

22 အား​နည်း​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် အား​နည်း​သော​သူ​တို့​တွင် အား​နည်း​သော​သူ​ဖြစ်​၏။ လူ​အ​ချို့​တို့​ကို တစ်​နည်း​နည်း​ဖြင့် ကယ်​တင်​နိုင်​ရန် လူ​အ​မျိုး​မျိုး​တို့​တွင် အ​မျိုး​မျိုး​ဖြစ်​ခဲ့​၏။

23 ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​၏​အ​ကျိုး​ကျေး​ဇူး​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​ရန် အ​မှု​ခပ်​သိမ်း​တို့​ကို ထို​သ​တင်း​အ​တွက် ဆောင်​ရွက်​၏။

24 အား​က​စား​ကွင်း​ထဲ​၌ အ​ပြေး​ပြိုင်​သော​သူ​တို့​သည် အား​လုံး​ပြေး​ကြ​သည်​မှန်​သော်​လည်း တစ်​ဦး​တည်း​သာ ဆု​ရ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော။ ထို့​ကြောင့် သင်​တို့​သည် ဆု​ရ​ရှိ​မည့်​အ​ကြောင်း ပြေး​ကြ​လော့။

25 ပြိုင်​ပွဲ​ဝင်​သော​သူ​တိုင်း​သည် အ​ရာ​ရာ​၌ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​တတ်​၏။ သူ​တို့​သည် ယို​ယွင်း​ပျက်​စီး​တတ်​သော သ​ရ​ဖူ​ကို​ရ​ရှိ​ရန် ထို​သို့​ပြု​ကြ​၏။ ငါ​တို့​မူ​ကား ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော သ​ရ​ဖူ​ကို​ရ​ရှိ​ရန် ထို​သို့​ပြု​ကြ​၏။

26 ထို့​ကြောင့် ငါ​ပြေး​သော​အ​ခါ ဦး​တည်​ရာ​မဲ့​ပြေး​သော​သူ​ကဲ့​သို့ ပြေး​သည်​မ​ဟုတ်။ လက်​ဝှေ့​ထိုး​သော​အ​ခါ​လည်း လေ​ကို​ထိုး​သော​သူ​ကဲ့​သို့ ထိုး​သည်​မ​ဟုတ်။

27 သူ​တစ်​ပါး​ကို သွန်​သင်​ပြီး​မှ ငါ​ကိုယ်​တိုင်​ကျ​ရှုံး​သော​သူ မ​ဖြစ်​စေ​ရန် ငါ​သည် မိ​မိ​ကိုယ်​ခန္ဓာ​ကို ထိုး​နှက်​၍ နာ​ခံ​စေ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16