19 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။
20 ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။
21 အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
22 ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကိုတောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကိုရှာဖွေတတ်ကြ၏။
23 ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
24 သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။
25 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူတို့ထက် ခွန်အားကြီး၏။