ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:23-29 MSB

23 ငါ​တို့​မူ​ကား လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ဂျူး​လူ​မျိုး​တို့​အ​တွက် မှား​ယွင်း​စ​ရာ​အ​ကြောင်း​ဖြစ်​ပြီး လူ​မျိုး​ခြား​တို့​အ​တွက် မိုက်​မဲ​သော​အ​ရာ​ဖြစ်​၏။

24 သို့​သော် ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​သော​သူ​တို့​အ​တွက် ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော်​ဖြစ်​၏။

25 အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​၏​မိုက်​မဲ​ခြင်း​သည် လူ​တို့​၏​ပ​ညာ​ရှိ​ခြင်း​ထက် ပ​ညာ​ရှိ​၏။ ဘု​ရား​သ​ခင်​၏​အား​နည်း​ခြင်း​သည် လူ​တို့​ထက် ခွန်​အား​ကြီး​၏။

26 ညီ​အစ်​ကို​တို့၊ သင်​တို့​ခေါ်​ယူ​တော်​မူ​ခြင်း​ခံ​ရ​စဉ်​က​အ​ကြောင်း​ကို ဆင်​ခြင်​ကြ​လော့။ လူ့​အ​မြင်​အ​ရ သင်​တို့​တွင် ပ​ညာ​ရှိ​များ​စွာ​မ​ပါ။ အ​စွမ်း​ထက်​သော​သူ​များ​စွာ​မ​ပါ။ မြင့်​မြတ်​သော​သူ​များ​စွာ​မ​ပါ။

27 သို့​သော် ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို​အ​ရှက်​ရ​စေ​ရန် လော​က​ရှိ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​၏။ ခွန်​အား​ကြီး​သော​သူ​တို့​ကို​အ​ရှက်​ရ​စေ​ရန် လော​က​ရှိ အား​နည်း​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ​၏။

28 ထို့​ပြင် အ​ရေး​ပါ​သော​သူ​တို့​ကို​ပယ်​ဖျက်​ရန် အ​ရေး​မ​ပါ​သော​သူ​များ​ဖြစ်​ကြ​သည့် လော​က​ရှိ အ​ဆင့်​အ​တန်း​နိမ့်​သော​သူ​များ​နှင့် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ခံ​ရ​သော​သူ​များ​ကို ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​၏။

29 ထို့​ကြောင့် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မည်​သူ​မျှ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မ​ရှိ။