1 ချစ်ခြင်းမေတ္တာကို လက်ကိုင်ပြုကြလော့။ ထို့ပြင် ဝိညာဉ်ဆုကျေးဇူးများ၊ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို အလွန်လိုချင်သောစိတ်ရှိကြလော့။
2 အကြောင်းမူကား အခြားသောဘာသာစကားပြောဆိုသောသူသည် လူတို့အား ပြောဆိုသည်မဟုတ်ဘဲ ဘုရားသခင်အား ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို မည်သူမျှနားမလည်ချေ။ သူသည် ဝိညာဉ်တော်အားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းသာဖြစ်၏။
3 ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။
4 အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
5 သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
6 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
7 ပလွေ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။
8 တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။
9 ထိုနည်းတူ သင်တို့သည်လည်း နားမလည်နိုင်သောသတင်းစကားကို အခြားသောဘာသာစကားဖြင့် ပြောဆိုလျှင် ပြောဆိုသောအရာများကို မည်သို့သိနိုင်မည်နည်း။ သင်တို့သည် လေကိုစကားပြောနေခြင်းသာ ဖြစ်လိမ့်မည်။
10 ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးအစား များစွာရှိသည်မှန်သော်လည်း အဓိပ္ပာယ်မဲ့သောစကားတစ်ခုမျှမရှိ။
11 ထို့ကြောင့် ဘာသာစကား၏အနက်အဓိပ္ပာယ်ကို ငါနားမလည်လျှင် ထိုစကားကိုပြောဆိုနေသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်သကဲ့သို့ ပြောဆိုနေသောထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်လိမ့်မည်။
12 သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကိုရရှိရန် စိတ်အားထက်သန်လျက်ရှိကြသည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ထိုဆုကျေးဇူးဖြင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ကြိုးစားအားထုတ်ကြလော့။
13 ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုသောသူသည် အနက်ဖွင့်နိုင်မည့်အကြောင်း ဆုတောင်းစေ။
14 အကြောင်းမူကား အခြားသောဘာသာစကားအားဖြင့် ငါဆုတောင်းလျှင် ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်းသော်လည်း ငါ၏အသိစိတ်မူကား အကျိုးမပေး။
15 သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ငါသည် စိတ်ဝိညာဉ်အားဖြင့် ဆုတောင်း၍ အသိစိတ်အားဖြင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆို၍ အသိစိတ်အားဖြင့်လည်း သီချင်းဆိုမည်။
16 သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ‘အာမင်’ဟု မည်သို့ပြောနိုင်မည်နည်း။
17 သင်သည် ကျေးဇူးတော်ကိုချီးမွမ်းသည်မှာ ကောင်းပေ၏။ သို့သော် သူတစ်ပါးကို တည်ဆောက်မြှင့်တင်ပေးခြင်းမရှိ။
18 ငါသည် သင်တို့အားလုံးထက် အခြားသောဘာသာစကားများကို ပို၍ပြောဆိုရသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်၏။
19 သို့သော် အသင်းတော်ထဲ၌ အခြားသောဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းပြောခြင်းထက် သူတစ်ပါးတို့ကို သွန်သင်နိုင်ရန် ငါ၏အသိစိတ်ဖြင့် စကားငါးခွန်းပြောခြင်းကို သာ၍ ငါအလိုရှိ၏။
20 ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
21 ပညတ်တရားကျမ်း၌ “ငါသည် ဤလူမျိုးတို့အား ထူးခြားသောဘာသာစကားနှင့် တိုင်းတစ်ပါးသားများ၏နှုတ်တို့ဖြင့် ပြောဆိုမည်။ သို့သော် သူတို့သည် နားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏”ဟူ၍ ရေးထား၏။
22 သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ပြုဟောပြောခြင်းမူကား မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
23 ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။
24 သို့သော် အားလုံးသည် ပရောဖက်ပြုဟောပြောကြစဉ် မယုံကြည်သူ သို့မဟုတ် ကျွမ်းဝင်မှုမရှိသေးသောသူ တစ်စုံတစ်ဦးဝင်လာလျှင် သူသည် သင်တို့အားလုံးကြောင့် အပြစ်ဖော်ပြခြင်းကိုခံရ၍ သင်တို့အားလုံး၏စစ်ဆေးစီရင်ခြင်းကိုခံရကာ
25 သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။
26 သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
27 အခြားသောဘာသာစကားပြောဆိုသောသူရှိလျှင် နှစ်ဦး သို့မဟုတ် အများဆုံးသုံးဦးက တစ်လှည့်စီပြော၍ တစ်ဦးက အနက်ဖွင့်စေ။
28 သို့သော် အနက်ဖွင့်သူမရှိလျှင် သူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ပြောစေ။
29 ပရောဖက်နှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ဟောပြော၍ အခြားသောသူတို့သည် ဆင်ခြင်သုံးသပ်ကြစေ။
30 သို့သော် ထိုင်နေသောအခြားသူအား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင် ပထမလူသည် တိတ်ဆိတ်စွာနေစေ။
31 အကြောင်းမူကား လူတိုင်းသွန်သင်ခြင်းခံရ၍ လူတိုင်းတိုက်တွန်းနှိုးဆော်ခြင်းခံရမည့်အကြောင်း သင်တို့အားလုံးသည် တစ်ဦးပြီးတစ်ဦး ပရောဖက်ပြုဟောပြောနိုင်၏။
32 ပရောဖက်တို့၏စိတ်ဝိညာဉ်တို့သည် ပရောဖက်တို့ကိုနာခံတတ်၏။
33 အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
34 မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
35 သူတို့သည် တစ်စုံတစ်ခုကိုသင်ယူလိုလျှင် အိမ်၌ မိမိ၏လင်ယောက်ျားအား မေးမြန်းကြစေ။ အကြောင်းမူကား မိန်းမတစ်ဦးအနေဖြင့် အသင်းတော်၌ဟောပြောခြင်းသည် ရှက်ဖွယ်ဖြစ်၏။
36 ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့ထံမှထွက်လာသလော။ သို့မဟုတ် သင်တို့ထံသို့သာရောက်လာသလော။
37 တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ပရောဖက် သို့မဟုတ် ဝိညာဉ်လူဖြစ်သည်ဟုထင်မှတ်လျှင် သင်တို့ထံ ငါရေးလိုက်သောအကြောင်းအရာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သူသည် သိမှတ်ရမည်။
38 မည်သူမဆို ဤအရာကို အသိအမှတ်မပြုလျှင် ထိုသူသည် အသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
39 သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ ပရောဖက်ပြုဟောပြောရန် အလွန်အလိုရှိကြလော့။ အခြားသောဘာသာစကားပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။
40 သို့သော် အရာအားလုံးကို တင့်တယ်လျောက်ပတ်စွာ အစီအစဉ်တကျပြုကြလော့။