5 ဤသည်ကား သင်တို့၏ယုံကြည်ခြင်းသည် လူတို့၏ဉာဏ်ပညာ၌မတည်ဘဲ ဘုရားသခင်၏တန်ခိုးတော်၌တည်မည့်အကြောင်းတည်း။
6 သို့ရာတွင် ငါတို့သည် စုံလင်ရင့်ကျက်သောသူတို့အထဲ၌ ဉာဏ်ပညာစကားကိုပြောဆိုကြ၏။ ထိုသို့ဆိုသော် ၎င်းသည် ဤလောက၏ဉာဏ်ပညာမဟုတ်။ ပယ်ဖျက်ခြင်းခံရတော့မည့် ဤလောကကိုအုပ်ချုပ်သူတို့၏ဉာဏ်ပညာလည်းမဟုတ်။
7 ငါတို့ပြောဆိုသောအရာမှာ ဝှက်ထားခြင်းခံရသည့် လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ဘုရားသခင်၏ဉာဏ်ပညာပင်ဖြစ်၏။ ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ထိုဉာဏ်ပညာကို ငါတို့၏ဘုန်းအသရေအတွက် ကြိုတင်သတ်မှတ်ထားတော်မူ၏။
8 ဤလောကကိုအုပ်ချုပ်သူများတွင် မည်သူကမျှ ထိုဉာဏ်ပညာကိုမသိချေ။ သူတို့သိခဲ့လျှင်မူကား ဘုန်းအသရေနှင့်ပြည့်စုံတော်မူသောသခင်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ခဲ့ကြမည်မဟုတ်။
9 သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ဘုရားသခင်သည် မိမိအားချစ်သောသူတို့အတွက် ပြင်ဆင်ထားတော်မူ၏။”
10 သို့သော် ဘုရားသခင်သည် ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာများမှစ၍ ခပ်သိမ်းသောအရာတို့ကို စူးစမ်းတော်မူ၏။
11 လူနှင့်ဆိုင်သောအရာတို့ကို သူ့အထဲ၌ရှိသော သူ၏ဝိညာဉ်မှတစ်ပါး မည်သူသိသနည်း။ ထို့အတူ ဘုရားသခင်နှင့်ဆိုင်သောအရာတို့ကိုလည်း ဘုရားသခင်၏ဝိညာဉ်တော်မှတစ်ပါး မည်သူမျှမသိ။