16 သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူကြောင်းကို သင်တို့မသိကြသလော။
17 မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် သူ့ကိုဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။
18 မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
19 အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏”ဟု ကျမ်းစာ၌ရေးထား၏။
20 တစ်ဖန် “ပညာရှိတို့၏တွေးတောဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏”ဟု ရေးထား၏။
21 သို့ဖြစ်၍ မည်သူမျှ လူတို့အကြောင်းကိုမဝါကြွားနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာတို့ကို သင်တို့ပိုင်ဆိုင်၏။
22 ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ ခပ်သိမ်းသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။