5 သင်တို့ကိုအရှက်ရစေရန် ဤသို့ ငါဆို၏။ သင်တို့အထဲတွင် မိမိ၏ညီအစ်ကိုအချင်းချင်းကြား စီရင်ဆုံးဖြတ်ပေးနိုင်မည့် ပညာရှိတစ်စုံတစ်ဦးမျှမရှိသလော။
6 ယခုမူကား ညီအစ်ကိုအချင်းချင်းတရားတွေ့ကြသည်သာမက ထိုအမှုကို မယုံကြည်သောသူတို့ရှေ့တွင်ပြုကြ၏။
7 အမှန်စင်စစ် သင်တို့အချင်းချင်းတရားတွေ့ခြင်းအမှုသည် သင်တို့အတွက် လုံးလုံးရှုံးနိမ့်ခြင်းပင်ဖြစ်၏။ ထိုသို့တရားတွေ့မည့်အစား မတရားပြုခြင်းကိုသာ အဘယ်ကြောင့်မခံကြသနည်း။ လိမ်ညာလုယူခြင်းကိုသာ အဘယ်ကြောင့်မခံကြသနည်း။
8 သို့သော် သင်တို့သည် မတရားပြု၍ လိမ်ညာလုယူကြပြီး ထိုအမှုကို မိမိတို့၏ညီအစ်ကိုများအပေါ် ပြုကြပါသည်တကား။
9 သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
10 သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံကြရမည်မဟုတ်။
11 သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။