8 သို့သော် သင်တို့သည် မတရားပြု၍ လိမ်ညာလုယူကြပြီး ထိုအမှုကို မိမိတို့၏ညီအစ်ကိုများအပေါ် ပြုကြပါသည်တကား။
9 သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
10 သူခိုးများ၊ လောဘလွန်ကျူးသူများ၊ သောက်စားမူးယစ်သူများ၊ ဝေဖန်ပုတ်ခတ်သူများနှင့် လိမ်လည်လုယူသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံကြရမည်မဟုတ်။
11 သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
12 ငါသည် ခပ်သိမ်းသောအမှုအရာတို့ကို ပြုခွင့်ရှိ၏။ သို့သော် အမှုအရာအားလုံးသည် အကျိုးရှိသည်မဟုတ်။ ငါသည် ခပ်သိမ်းသောအမှုအရာတို့ကို ပြုခွင့်ရှိ၏။ သို့သော် မည်သည့်အမှုအရာ၏စိုးမိုးခြင်းကိုမျှ ငါခံမည်မဟုတ်။
13 အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
14 ဘုရားသခင်သည် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍ ငါတို့ကိုလည်း မိမိ၏တန်ခိုးတော်အားဖြင့် ထမြောက်စေတော်မူလိမ့်မည်။