1 ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည်
2 ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္တနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
3 ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
4 ယေရှုခရစ်တော်အားဖြင့် သင်တို့အားပေးသနားတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည် သင်တို့အတွက် ငါ့ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်၏။
5 အကြောင်းမူကား သင်တို့သည် နှုတ်သတ္တိရှိသမျှ၌ဖြစ်စေ၊ ဉာဏ်သတ္တိရှိသမျှ၌ဖြစ်စေ၊ အရာရာတို့၌ ခရစ်တော်အားဖြင့် ကြွယ်ဝပြည့်စုံ၍
6 ခရစ်တော်နှင့်ဆိုင်သောသက်သေခံချက်သည် သင်တို့၌ အတည်ပြုခြင်းခံရ၏။
7 ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။