11 ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
12 ထို့ကြောင့် ရပ်နေသည်ဟုထင်မှတ်သောသူသည် မလဲစေရန် သတိပြုစေ။
13 လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
14 ထို့ကြောင့် ငါချစ်သောသူတို့၊ ရုပ်တုကိုးကွယ်ခြင်းကို ရှောင်ကြလော့။
15 သင်တို့အား ပညာသတိရှိသောသူကိုပြောသကဲ့သို့ ငါပြော၏။ ငါပြောသောအရာကို ဆင်ခြင်သုံးသပ်ကြလော့။
16 ငါတို့ကျေးဇူးတော်ချီးမွမ်းရာ မင်္ဂလာခွက်သည် ခရစ်တော်၏သွေးတော်ကို မျှဝေခံယူခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်သည် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို မျှဝေခံယူခြင်းဖြစ်သည်မဟုတ်လော။
17 မုန့်တစ်လုံးတည်းဖြစ်၍ အများဖြစ်သောငါတို့သည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို မျှဝေခံယူကြ၏။