2 သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
3 သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
4 ဦးခေါင်းကိုဖုံးလျက် ဆုတောင်းခြင်း သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကိုပြုသောယောက်ျားတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။
5 သို့သော် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကို ပြုသောမိန်းမတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်ထားသည်နှင့်တူ၏။
6 ထို့ကြောင့် မိန်းမသည် မိမိဦးခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်ပါစေ။ သို့သော် ဆံပင်ဖြတ်ခြင်း သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက်ရှက်ဖွယ်ဖြစ်လျှင် ဦးခေါင်းကိုဖုံးထားပါစေ။
7 ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိဦးခေါင်းကိုမဖုံးသင့်ပေ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
8 အကြောင်းမူကား ယောက်ျားသည် မိန်းမထံမှဖြစ်လာသည်မဟုတ်။ မိန်းမသည် ယောက်ျားထံမှဖြစ်လာ၏။