22 ထိုမျှမက ကိုယ်ခန္ဓာ၌ ပို၍အားနည်းသည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့သည် ပို၍ပင်လိုအပ်သော အင်္ဂါများဖြစ်ကြ၏။
23 ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။
24 အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။
25 ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။
26 သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
27 သင်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
28 ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။