8 အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊
9 ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား ယုံကြည်ခြင်းကိုလည်းကောင်း၊ ထိုဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် အခြားတစ်ဦးအား အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုလည်းကောင်း၊
10 အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။
11 ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။
12 ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
13 အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ကြရ၏။
14 ကိုယ်ခန္ဓာ၌ အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာရှိသည်မဟုတ်ဘဲ များစွာရှိ၏။