2 အကြောင်းမူကား အခြားသောဘာသာစကားပြောဆိုသောသူသည် လူတို့အား ပြောဆိုသည်မဟုတ်ဘဲ ဘုရားသခင်အား ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို မည်သူမျှနားမလည်ချေ။ သူသည် ဝိညာဉ်တော်အားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းသာဖြစ်၏။
3 ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။
4 အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
5 သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
6 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
7 ပလွေ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။
8 တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။