4 အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
5 သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
6 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
7 ပလွေ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။
8 တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။
9 ထိုနည်းတူ သင်တို့သည်လည်း နားမလည်နိုင်သောသတင်းစကားကို အခြားသောဘာသာစကားဖြင့် ပြောဆိုလျှင် ပြောဆိုသောအရာများကို မည်သို့သိနိုင်မည်နည်း။ သင်တို့သည် လေကိုစကားပြောနေခြင်းသာ ဖြစ်လိမ့်မည်။
10 ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးအစား များစွာရှိသည်မှန်သော်လည်း အဓိပ္ပာယ်မဲ့သောစကားတစ်ခုမျှမရှိ။