10 သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
11 ထို့ကြောင့် ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေ ထိုသို့ဟောပြောကြ၏။ သင်တို့သည်လည်း ထိုသို့ယုံကြည်ကြ၏။
12 ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီဟု ဟောပြောနေကြသည်မှန်လျှင် သင်တို့ထဲမှ အချို့တို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ပြောဆိုကြသနည်း။
13 သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
14 ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်ပြီး သင်တို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။
15 ထိုမျှမက ငါတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မမှန်သောသက်သေထွက်ဆိုသောသူများ ဖြစ်သွားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့ကို ထမြောက်စေတော်မမူလျှင် ဘုရားသခင်ထမြောက်စေတော်မမူသောခရစ်တော်ကို ဘုရားသခင်ထမြောက်စေတော်မူပြီဟု ငါတို့သက်သေခံနေကြသောကြောင့်ဖြစ်၏။
16 အကြောင်းမူကား သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။