2 သင်တို့သည် ထိုသတင်းကို အကြောင်းမဲ့မယုံကြည်ဘဲ သင်တို့အား ငါဟောပြောခဲ့သောတရားစကားကို စွဲကိုင်ထားလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းကိုလည်းခံရကြ၏။
3 အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊
4 ထို့နောက် သင်္ဂြိုဟ်ခြင်းကိုခံတော်မူပြီး ကျမ်းစာနှင့်အညီ သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူခဲ့ကြောင်းနှင့်
5 ကေဖထံ ထင်ရှားပြတော်မူပြီးနောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထံ ထင်ရှားပြတော်မူခဲ့ကြောင်းတို့ဖြစ်၏။
6 ထို့နောက် ကိုယ်တော်သည် ညီအစ်ကိုငါးရာကျော်တို့ထံ တစ်ပြိုင်တည်းမှာပင် ထင်ရှားပြတော်မူ၏။ ထိုသူတို့ထဲမှ အချို့တို့သည် အိပ်ပျော်ကြပြီဖြစ်သော်လည်း အများစုတို့သည် ယခုတိုင်အောင် အသက်ရှင်လျက်ရှိသေး၏။
7 ထို့နောက် ကိုယ်တော်သည် ယာကုပ်ထံ ထင်ရှားပြတော်မူပြီး တမန်တော်အားလုံးတို့ထံ ထင်ရှားပြတော်မူ၏။
8 နောက်ဆုံးတွင် အချိန်မတော်မတန်မွေးလာသောသူနှင့်တူသည့် ငါ့ထံလည်း ထင်ရှားပြတော်မူ၏။