29 ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
30 ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမြောက်ခြင်းမရှိသကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် မည်သည့်အရာကိုမျှ မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေကြပါစေ။
31 လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
32 ငါသည် သင်တို့ကို စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေလို၏။ အိမ်ထောင်မရှိသောယောက်ျားသည် သခင်ဘုရားကိုနှစ်သက်စေရန် သခင်ဘုရား၏အမှုကိုဂရုစိုက်တတ်၏။
33 အိမ်ထောင်ရှိသောယောက်ျားမူကား မိမိမယားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်သဖြင့်
34 သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။
35 ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။