9 အကြောင်းမူကား မောရှေ၏ပညတ်တရားကျမ်း၌ “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟု ရေးထား၏။ ဘုရားသခင်သည် နွားတို့ကို ဂရုစိုက်တော်မူသလော။
10 သို့မဟုတ် ငါတို့အတွက်သာမိန့်တော်မူသလော။ အမှန်ပင် ငါတို့အတွက်ရေးထားခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူသည် မျှော်လင့်လျက်ထွန်ယက်သင့်သည်ဖြစ်၍ စပါးနယ်သောသူသည်လည်း မျှဝေခံစားခွင့်ကိုမျှော်လင့်လျက် စပါးနယ်သင့်၏။
11 ငါတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို သင်တို့၌စိုက်ပျိုးခဲ့သည်ဆိုလျှင် သင်တို့ထံမှ ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများကို ရိတ်သိမ်းကြခြင်းသည် လွန်ရာကျသလော။
12 အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
13 ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။
14 ထိုနည်းတူ ကောင်းမြတ်သောသတင်းကို ဟောပြောသောသူတို့သည်လည်း ကောင်းမြတ်သောသတင်းအားဖြင့် အသက်မွေးကြရန် သခင်ဘုရားမိန့်မှာတော်မူခဲ့၏။
15 သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။