1 သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကိုနှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။
2 ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊သူတို့၏အပြစ်များကိုယခုငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
3 အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
4 ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။တောင်ကုန်းများသည် မြေညီဖြစ်လျက်ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
5 ထိုအခါထာဝရဘုရား၏ဘုန်းအသရေ တော်သည် ပေါ်လွင်ထင်ရှားလာမည်ဖြစ်၍၊လူသတ္တဝါအပေါင်းတို့သည်ထိုဘုန်း အသရေတော်ကိုဖူးမြင်ရကြလိမ့်မည်။ယင်းသို့ဖြစ်ပျက်စေရန်ထာဝရဘုရားကိုယ်တော်တိုင်ကတိပြုတော်မူလေပြီ'' ဟု ကြွေးကြော်လေသည်။
6 ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့်``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင်``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့်တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
7 ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။