1 ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
2 အစာအာဟာရမဖြစ်သည့်အရာအတွက်အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူသင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
3 ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။
4 ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင်ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
5 ယခုတွင်နိုင်ငံခြားအမျိုးသားတို့ကိုသင်သည်ဆင့်ခေါ်မည်။အခါတစ်ပါးကသူတို့သည်သင်တို့ကို မသိကြသော်လည်း၊ယခုအခါ၌မူသင်တို့ထံသို့ပြေး၍ ဝင်လာကြလိမ့်မည်။ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်ဘုရားဖြစ်တော်မူသောသင်တို့၏ဘုရားသခင်ထာဝရဘုရားသည်၊ဤအမှုအရာအပေါင်းကို ဖြစ်ပျက်စေတော်မူလိမ့်မည်။ငါသည်သင်တို့အားဂုဏ်အသရေနှင့် ဘုန်းအသရေကိုပေးတော်မူမည်။''
6 ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
7 သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
8 ထာဝရဘုရားက၊``ငါ၏အကြံအစည်တော်များသည်သင်တို့ အကြံအစည်များနှင့်မတူ။ငါ၏နည်းနာများသည်လည်းသင်တို့ နည်းနာများနှင့်ခြားနား၏။
9 မိုးကောင်းကင်သည်ကမ္ဘာမြေကြီးထက် မြင့်မားသကဲ့သို့၊ငါ၏အကြံအစည်တော်များသည်သင်တို့၏ အကြံအစည်များထက်မြင့်မားသတည်း။
10 ``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့်မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။
11 ငါမြွက်ဆိုသည့်နှုတ်ကပတ်စကားသည်လည်းဤနည်းအတိုင်းဖြစ်လိမ့်မည်။ထိုနှုတ်ကပတ်တော်သည်ငါ၏အကြံအစည် တော်ကို ပြည့်စုံစေလိမ့်မည်။ငါစေခိုင်းသမျှသောအမှုတို့ကိုပြုလိမ့်မည်။
12 ``သင်တို့သည်ဗာဗုလုန်ပြည်မှဝမ်းမြောက်စွာ ထွက်ခွာရကြလိမ့်မည်။မြို့ထဲမှငြိမ်းချမ်းစွာထုတ်ဆောင်ခေါ်ယူခြင်းကို ခံရကြလိမ့်မည်။တောင်ကြီးတောင်ငယ်တို့သည်ဟစ်အော်၍ သီချင်းဆိုကြလိမ့်မည်။သစ်ပင်များသည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
13 ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင်အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန်ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။