1 ဘုရားသခင်က``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။
2 အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ရောက်ရှိလေရာအရပ်တို့တွင်သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်းလူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။သူ၏လေးမြားတို့သည်လည်းထိုသူတို့ကိုလေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
3 သူသည်ရန်သူတို့အားလိုက်လံတိုက်ခိုက်ကာဘေးမဲ့လုံခြုံစွာဆက်လက်ချီတက်ရာတွင် လျင်မြန်လှသဖြင့်သူ၏ခြေသည်မြေ၌ပင်မထိတော့ ပါတကား။
4 ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
5 ``ရပ်ဝေးနိုင်ငံများမှလူတို့သည်ငါပြု သည့်အမှုကို တွေ့မြင်ရကြလေပြီ။သူတို့သည်ထိတ်လန့်လျက်ကြောက်ဒူးတုန်၍ နေကြသဖြင့် လာရောက်စုဝေးကြကုန်၏။
6 လက်မှုပညာသည်တို့သည်အချင်းချင်းကူညီ ရိုင်းပင်းလျက်အားပေးစကားပြောကြားကြ၏။
7 လက်သမားကပန်းထိမ်သည်အား`သင်၏လက်ရာသည်ကောင်းလေစွ' ဟုဆို၏။ရုပ်တုကိုအချောထုရိုက်သူကယင်း၏အစိတ်အပိုင်းများကိုဆက်စပ်သူအား၊ အားပေးစကားပြောကြားလေ၏။`ဂဟေဆက်ပုံမှာကောင်းပေသည်' ဟု ပြောဆိုသူကပြောဆိုလျက်၊သူတို့သည်ရုပ်တုကိုနေရာတကျသံနှင့်ရိုက်၍ စိုက်ထူထားကြတော့၏။
8 ``သို့ရာတွင်ငါ၏အစေခံဣသရေလအမျိုး သားတို့၊ငါရွေးချယ်ထားသည့်သင်တို့သည်ငါ၏မိတ်ဆွေ အာဗြဟံ၏သားမြေးများဖြစ်ကြ၏။
9 ငါသည်သင်တို့အားကမ္ဘာမြေကြီးအစွန်းမှ ခေါ်ယူခဲ့၏။မြေစွန်းရပ်ဖျားများမှခေါ်ယူကာ၊သင်တို့သည် ကား၊ ငါ၏အစေခံများတည်းဟုဆိုခဲ့၏။ငါသည်သင်တို့အားပစ်ပယ်မည့်အစား ရွေးချယ်တော်မူခဲ့၏။
10 မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
11 အို ငါ၏လူမျိုးတော်၊သင်တို့ကိုအမျက်ထွက်သော သူတို့သည်အသရေပျက်၍အရှက်ကွဲကြ လိမ့်မည်။သင်တို့အားတိုက်ခိုက်သူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။
12 သူတို့သည်ကမ္ဘာမြေကြီးပေါ်မှ ကွယ်ပျောက်သွားကြလိမ့်မည်။
13 ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။`မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
14 ထာဝရဘုရားက``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ချည့်နဲ့သော်လည်း၊မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
15 ငါသည်သင်တို့အားထက်မြက်သည့်အသွားများရှိသောစပါးနယ်စက်အသစ် ကဲ့သို့ ဖြစ်စေတော်မူမည်။သင်တို့သည်တောင်ကြီးများကိုနယ်၍ ညက်ညက်ကြေစေလိမ့်မည်။တောင်ငယ်များသည်လည်းမြေမှုန့်ဖြစ်၍ သွားကြလိမ့်မည်။
16 ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက်လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။
17 ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်းငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ဣသရေလအမျိုးသားတို့၏ဘုရားသခင်တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
18 ငါသည်တောင်ကတုံးများ၌မြစ်များဖြစ်ပေါ်စေ၍၊ ချိုင့်ဝှမ်းများနှင့်စမ်းရေများပေါက်စေမည်။ငါသည်သဲကန္တာရကိုရေကန်များ အဖြစ်သို့လည်းကောင်း၊ခြောက်သွေ့သောမြေယာများကိုစမ်းရေတွင်း များ အဖြစ်သို့လည်းကောင်းပြောင်းလဲစေမည်။
19 ငါသည်သဲကန္တာရ၌အာရစ်ပင်(သစ်ကတိုး) နှင့် ထနောင်းပင်၊မုရတုပင်နှင့်သံလွင်ပင်များကိုလည်းကောင်းပေါက်စေမည်။သစ်ပင်မပေါက်သောအရပ်တွင်ထင်းရှူးပင် အမျိုးမျိုးနှင့် အာရဇ်ပင်များရောနှောသည့်သစ်တောများ ပေါက်ရောက်လာလိမ့်မည်။
20 ဤအချင်းအရာကိုတွေ့မြင်ကြသောအခါလူတို့သည်ဤအမှုကားငါထာဝရဘုရားစီရင်တော်မူသောအမှုပင်ဖြစ်ကြောင်း သိရှိလာကြလိမ့်မည်။ဤအမှုကိုဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်ဖြစ်ပွားစေတော်မူကြောင်း နားလည်လာကြလိမ့်မည်။
21-22 ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။
23 အနာဂတ်၌အဘယ်အရာဖြစ်မည်ကို ငါတို့အား ဖော်ပြကြလော့။သို့မှသာလျှင်သင်တို့သည်ဘုရားများဖြစ် ကြောင်း ငါတို့သိရှိကြလိမ့်မည်။ကောင်းသောအမှုကိုပြုကြလော့။သို့တည်းမဟုတ်ဘေးအန္တရာယ်တစ်ခုခုကို သက်ရောက်စေကြလော့။ငါတို့အားစိုးရွံ့ကြောက်လန့်တုန်လှုပ်အောင် ပြုကြလော့။
24 သင်တို့နှင့်သင်တို့ပြုသမျှသောအမှုတို့သည် အဘယ်သို့မျှမရေရာ။သင်တို့အားဝတ်ပြုကိုးကွယ်သူတို့သည်လည်း စက်ဆုတ်ရွံရှာဖွယ်ကောင်းပါသည်တကား။
25 ``ငါသည်အရှေ့ပြည်သားတစ်ဦးကို ရွေးချယ်ထားလေပြီ။သူ့အားခေါ်ဆောင်ကာအရှေ့အရပ်မှနေ၍ တိုက်ခိုက်စေမည်။အိုးထိန်းသည်ရွှံ့စေးကိုခြေဖြင့်နင်းချေ သကဲ့သို့သူသည်ပြည်ရှင်မင်းတို့အား နင်းချေပစ်လိမ့်မည်။
26 သင်တို့စကားသည်မှန်ပေ၏ဟုငါတို့ဆိုနိုင် စေရန် ဤမည်သောအမှုအရာဖြစ်ပျက်လိမ့်မည်ဟုသင်တို့အနက်မှအဘယ်သူသည်ငါတို့အား ကြိုတင်ဖော်ပြပါသနည်း။အဘယ်သူသည်အနာဂတ်ဟောစတမ်း ထုတ်ခဲ့ဖူးပါသနည်း။သင်တို့တွင်အဘယ်သူမျှဤသို့မဟောပြော ခဲ့ကြ။ဟောပြောသည်ကိုကြားသူလည်းတစ်ယောက်မျှ မရှိပါတကား။
27 ဇိအုန်မြို့သတင်းကောင်းကိုဦးစွာပထမ ပြောကြားသူမှာငါထာဝရဘုရားပင်တည်း။ငါသည်ယေရုရှလင်မြို့သို့တမန်တစ်ဦးကို စေလွှတ်၍``သင်တို့၏အမျိုးသားများသည်ပြန်လာ ကြလိမ့်မည်။သူတို့သည်မိမိတို့ပြည်သို့ပြန်လာကြလိမ့် မည်'' ဟု ပြောကြားစေခဲ့၏။
28 ငါသည်ဘုရားများကိုကြည့်လိုက်သောအခါသူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။
29 ထိုဘုရားအားလုံးပင်လျှင်အရာမဝင်။သူတို့သည်အဘယ်အမှုကိုမျှမပြုနိုင်။သူတို့၏ရုပ်တုများသည်လည်းချည့်နဲ့၍ တန်ခိုးမရှိကြ။''