1 ထာဝရဘုရားက၊``ကယ်တင်ခြင်းခံလိုသူတို့၊အကူအညီတောင်းခံရန်ငါ့ထံသို့လာရောက်သူတို့၊သင်တို့သည် ငါ့ပြောစကားကိုနားထောင်ကြလော့။သင်တို့ကိုထွင်းထုတ်ယူရာကျောက်ကို ကြည့်ရှုကြလော့။သင်တို့ကိုတူးဖော်ရာကျောက်တွင်းကို ကြည့်ရှုကြလော့။
2 သင်တို့၏ဘိုးအေအာဗြဟံနှင့်ဘွားအေစာရာတို့၏ အကြောင်းကိုအောက်မေ့ဆင်ခြင်ကြလော့။အာဗြဟံအားငါခေါ်ယူစဉ်အခါက သူ့မှာသားသမီးမရှိ။သို့ရာတွင်ငါသည်သူ့အားသားသမီးများဖြင့် ကောင်းချီးပေး၍၊သူ၏အဆက်အနွယ်တို့ကိုများပြားစေတော်မူ၏။
3 ``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင်နေထိုင်သူတို့အားကရုဏာပြမည်။ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်းငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
4 ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ငါပြောသည်ကိုနားထောင်ကြလော့။ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
5 ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။မိမိတို့အားကယ်တင်လိမ့်မည်ဟူသောမျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
6 မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။
7 ``အမှန်တရားကိုသိရှိသူတို့၊ငါ၏သြဝါဒကို စွဲမြဲစွာမှတ်ကြုံးထားသူတို့၊သင်တို့သည်ငါပြောသည့်စကားကို နားထောင်ကြလော့။သင်တို့အားကရော်ကမည်ပြု၍၊လူတို့စော်ကား ပြောဆိုကြသောအခါမကြောက်ကြနှင့်။
8 ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။
9 အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ပင်လယ်နဂါးကြီးရာခပ်အားအပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
10 မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
11 ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့်သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
12 ထာဝရဘုရားက၊``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။မြက်ပင်တမျှသာအသက်ရှည်သူသေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
13 မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
14 အကျဉ်းခံနေရသောသူတို့သည်မကြာမီ လွတ်မြောက်လာကြလိမ့်မည်။လူတို့သည်ထောင်တွင်း၌မသေဆုံးတော့ဘဲ၊မိမိတို့လိုအပ်သည့်အစားအစာမှန်သမျှကို ရရှိကြလိမ့်မည်။
15 ``ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ပင်လယ်ရေကိုငါမွှေနှောက်၍လှိုင်းတံပိုးသံ များကို ဖြစ်ပေါ်စေ၏။ငါ၏နာမတော်သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရား ဖြစ်ပါသည်တကား။
16 ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့်သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
17 အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ထာဝရဘုရားအမျက်တော်ထွက်သဖြင့်သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
18 သင့်ကိုလမ်းပြခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။သင့်အမျိုးသားများထဲမှသင့်ကိုလက်ဆွဲ ခေါ်ယူပေးမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။
19 သင်သည်ဘေးအန္တရာယ်နှစ်ဆကြုံတွေ့ရလေပြီ။သင်၏ပြည်သည်စစ်ဒဏ်ကြောင့်ပျက်ပြုန်းသွား လေပြီ။သင့်မြို့သူမြို့သားတို့သည်လည်းအစာရေစာ ငတ်မွတ်ကြလေပြီ။သင့်အားကိုယ်ချင်းစာတရားထားရှိမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
20 အားအင်ချည့်နဲ့မှုကြောင့်သင်၏လူတို့သည်၊ လမ်းဆုံလမ်းခွတိုင်းတွင်လဲကျကြ၏။သူတို့သည်မုဆိုး၏ပိုက်ကွန်တွင်ဖမ်းမိသည့် သမင်ကဲ့သို့ဖြစ်လိမ့်မည်။သူတို့သည်ဘုရားသခင်၏အမျက်တော် အရှိန်ကိုခံကြလေပြီ။
21 ဒုက္ခရောက်လျက်နေသောအချင်းယေရုရှလင် မြို့သူမြို့သားတို့၊သေသောက်ကြူးသဖွယ် ယိမ်းယိုင်လျက်နေကြသူတို့၊
22 သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊သင် တို့အား ကာကွယ်စောင့်ရှောက်တော်မူ၍၊``ငါသည်အမျက်ထွက်သဖြင့်သင်တို့အား ပေးအပ်ခဲ့သည့်ခွက်ဖလားကိုသင်တို့လက်မှပြန်လည်ရုပ်သိမ်းတော်မူမည်။သင်တို့အားယိမ်းယိုင်မူးဝေစေသည့်စပျစ်ရည်ကို သင်တို့သောက်ရကြတော့မည်မဟုတ်။
23 ထိုစပျစ်ရည်ကိုသင်တို့အားညှဉ်းဆဲနှိပ်စက် သူများ၊ သင်တို့အားလမ်းများပေါ်တွင်လဲလျောင်းစေ၍၊မြေမှုန့်သဖွယ်ခြေနှင့်နင်းကြသူများအား ငါပေးအပ်မည်'' ဟုမိန့်တော်မူပါ၏။