1 အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။သင်၏အလင်းပေါ်ထွန်းလာပြီ။ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
2 အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည်သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။
3 လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ရှင်ဘုရင်တို့သည်သင်၏တက်သစ်စနေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။
4 သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
5 သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကိုသင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။
6 ဝန်တင်ကုလားအုပ်တပ်ကြီးများသည်မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။လူတို့သည်ဘုရားသခင်ပြုတော်မူသောအမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
7 ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကိုယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
8 မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။
9 ထိုသင်္ဘောတို့သည်ရပ်ဝေးမှဘုရားသခင်၏လူမျိုးတော်အားမိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင်ထာဝရဘုရားကိုချီးမြှောက်ရန်၊ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
10 ထာဝရဘုရားကယေရုရှလင်မြို့အား``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။
11 လူမျိုးတကာတို့၏ဘုရင်များသည်မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။
12 သို့ရာတွင်သင်၏အစေကိုမခံသည့်လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။
13 ``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန်သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
14 သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။အခါတစ်ပါးကသင့်အားမထီမဲ့မြင်ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊`ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
15 ``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက်ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
16 မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည်သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊သင်သည်သိရှိရလိမ့်မည်။
17 ``ငါသည်သင့်အားကြေးဝါအစားရွှေ၊သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။
18 အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။
19 ``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊သင်၏အလင်းဖြစ်တော့မည်မဟုတ်။ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ငါ၏ဘုန်းအသရေရောင်ခြည်တော်သည်သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။
20 ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
21 သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
22 သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ထောင်ချီလျက်များပြားလာပြီးတန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''