1 ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည်မီးရှူးတိုင်သဖွယ်ထွန်းတောက်၍မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။
2 အို ယေရုရှလင်မြို့၊လူမျိုးတကာတို့သည်သင်၏အောင်မြင်ခြင်းကိုတွေ့မြင် ရကြလိမ့်မည်။ဘုရင်အပေါင်းတို့သည်လည်းသင်၏ဘုန်း အသရေကို တွေ့မြင်ရကြလိမ့်မည်။သင်သည်ထာဝရဘုရားကိုယ်တော်တိုင် ပေးတော်မူသည့်နာမည်သစ်ကိုရရှိလိမ့်မည်။
3 သင်သည်ထာဝရဘုရားအတွက်အလွန်လှပတင့်တယ်သောဦးရစ်သရဖူသဖွယ် ဖြစ်လိမ့်မည်။
4 ``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။
5 ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
6 အို ယေရုရှလင်မြို့၊ငါသည်သင်၏မြို့ရိုးများ ပေါ်တွင် အစောင့်တပ်သားများကိုချထား၏။သူတို့သည်နေ့ရောညဥ့်ပါအခါခပ်သိမ်း ဆိတ်ဆိတ်နေရကြလိမ့်မည်မဟုတ်။သူတို့သည်ထာဝရဘုရားအားမိမိ၏ကတိတော်များကိုအောက်မေ့ သတိရအောင် ပြုရကြမည်။အဘယ်အခါ၌မျှမမေ့လျော့စေရန် သတိပေးရကြမည်။
7 ကိုယ်တော်သည်ယေရုရှလင်မြို့ကိုပြန်လည် ထူထောင်ကာ၊ကမ္ဘာတစ်ဝှမ်းလုံးကချီးမွမ်းထောမနာပြုရာမြို့ အဖြစ်သို့ရောက်စေတော်မမူမီတိုင်အောင်၊သူတို့သည်ကိုယ်တော်အားအငြိမ်နေစေ ကြလိမ့်မည်မဟုတ်။
8 ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
9 သို့ရာတွင်အသီးအနှံများကိုစိုက်ပျိုး ရိတ်သိမ်း သူသင်တို့သာလျှင်၊ယင်းတို့ကိုစားသုံးကြလျက်၊ထာဝရဘုရား အား ထောမနာပြုရကြလိမ့်မည်။စပျစ်သီးများကိုပြုစုဆွတ်ခူးသူသင်တို့ သာလျှင်ငါ၏ဗိမာန်တော်တန်တိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ရကြလိမ့်မည်။''
10 ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။လမ်းမကြီးကိုပြင်ဆင်ကြလော့။ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။
11 ``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည်မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟုယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။
12 သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊''``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့''``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။