1 ပြည်သူတို့က၊``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။
2 ထာဝရဘုရားသည်မိမိ၏အစေခံအားသွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
3 ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
4 ``သို့ရာတွင်သူသည်ငါတို့ခံထိုက်သည့်ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ငါတို့ခံရမည့်ဝေဒနာကိုလည်းကောင်းခံပေသည်။ယင်းသို့သူခံစားလျက်နေရသည့်ဒုက္ခဝေဒနာ ကိုပင်လျှင်၊သူ့အားထာဝရဘုရားပေးအပ်သည့် အပြစ်ဒဏ်ဟုငါတို့ထင်မှတ်ကြ၏။
5 သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။
6 ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာမိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
7 ``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊သူသည်စကားတစ်ခွန်းမျှမပြော။
8 လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
9 သူသည်ရာဇဝတ်မှုတစ်စုံတစ်ရာကိုမျှ ကူးလွန်ခဲ့ဖူးသည်မရှိ။မုသားကိုလည်းအဘယ်အခါ၌မျှမသုံး စွဲခဲ့။သို့ရာတွင်သူသည်ငါတို့အမျိုးသားတို့ ၏ အပြစ်များအတွက်သေဒဏ်စီရင်ခြင်းကို ခံရ၍၊ရာဇဝတ်ကောင်များနှင့်အတူသင်္ဂြိုဟ်ခြင်း ကိုလည်းကောင်း၊သူဌေးသူကြွယ်များနှင့်အတူမြှုပ်နှံခြင်း ကိုလည်းကောင်းခံရလေသည်။''
10 ထာဝရဘုရားက၊``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
11 သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အားအပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
12 သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။