1 ထာဝရဘုရားက``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
2 သူသည်အော်ဟစ်၍အသံကိုလွှင့်၍ စကားပြောဆိုလိမ့်မည်မဟုတ်။လမ်းများပေါ်တွင်လည်းကျယ်လောင်စွာမိန့် ခွန်း စကားများကိုပြောကြားလိမ့်မည်မဟုတ်။
3 သူသည်ကောက်နေသောကူရိုးကိုမချိုး၊ မှိတ် တုတ် မှိတ်တုတ်၊ သေခါနီးမီးကိုမငြိမ်းသတ်ဘဲရှိ လိမ့်မည်။သူသည်လူအပေါင်းတို့အားတရားမျှတစွာ စီရင်အုပ်ချုပ်လိမ့်မည်။
4 သူသည်စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်။ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတစွာစီရင် အုပ်ချုပ်မှုကိုတည်တံ့ခိုင်မြဲစေလိမ့်မည်။ရပ်ဝေးနိုင်ငံများသည်လည်းသူ၏သြဝါဒ ကို စိတ်ဝင်စားစွာစောင့်မျှော်ကြလိမ့်မည်။''
5 ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
6 ``ငါထာဝရဘုရားသည်သင့်ကိုခေါ်ယူ၍ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတမှုကို ကျင့်သုံးစေရန်တန်ခိုးကိုပေးတော်မူပြီ။သင့်အားဖြင့်ငါသည်လူများနှင့်ပဋိညာဉ် ပြုလျက် နိုင်ငံများအပေါ်သို့အလင်းကိုဆောင်စေ မည်။
7 သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
8 ``ငါတစ်ပါးတည်းသာလျှင်သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။ငါ၏ဘုန်းအသရေကိုအခြားအဘယ် ဘုရားမျှ ခံယူရလိမ့်မည်မဟုတ်။ငါသည်မိမိအားရုပ်တုများနှင့်အတူထောမနာ ပြုခွင့်ကိုလည်းပေးလိမ့်မည်မဟုတ်။
9 ငါကြိုတင်ဟောကြားခဲ့သည့်အမှုအရာများ သည် ယခုဖြစ်ပျက်လာလေပြီ။ယခုတစ်ဖန်ငါသည်သင့်အားဆန်းသစ်သည့် အမှုအရာများကိုယင်းတို့အစပြု၍မပေါ်ပေါက်မီပင်ဖော်ပြ ပါအံ့။''
10 သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင်နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
11 တောကန္တာရနှင့်ထိုအရပ်ရှိမြို့များသည် ဘုရားသခင်အားထောမနာပြုကြစေ။ကေဒါအနွယ်ဝင်အပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြစေ။သေလမြို့သူမြို့သားတို့သည်တောင်ထိပ်များမှနေ၍ ရွှင်လန်းစွာကြွေးကြော်ကြစေ။
12 ရပ်ဝေးနိုင်ငံသားတို့သည်လည်းထာဝရဘုရားကိုထောမနာပြု၍၊ ဘုန်းအသရေတော်ကိုဖော်ပြ ကြစေ။
13 ထာဝရဘုရားသည်သူရဲကောင်းကဲ့သို့စစ်တိုက်ရန် ထွက်ကြွတော်မူ၏။ကိုယ်တော်သည်တိုက်ပွဲဝင်ရန်အသင့်ရှိ၍ စိတ်စောလျက်နေတော်မူ၏။ကိုယ်တော်သည်စစ်တိုက်သံကြွေးကြော်လျက် မိမိ၏ ရန်သူတို့အားတန်ခိုးတော်ကိုပြတော်မူ၏။
14 ဘုရားသခင်က``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။
15 ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။
16 ``ငါသည်မိမိ၏မျက်မမြင်လူစုအားသူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
17 ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်းရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။''
18 ထာဝရဘုရားက``အချင်းနားဆွံ့သူတို့နားထောင်ကြလော့။အချင်းမျက်မမြင်တို့သေချာစွာကြည့်ကြလော့။
19 ငါ၏အစေခံထက်ပို၍မျက်စိကန်းသူ၊ငါစေလွှတ်လိုက်သည့်တမန်တော်ထက်ပို၍ နားဆွံ့သူတစ်စုံတစ်ယောက်ရှိပါသလော။
20 အို ဣသရေလအမျိုးသားတို့၊သင်တို့သည် တွေ့မြင်ရမှုများသော်လည်း၊ထိုအမှုတို့သည်သင်တို့အတွက်အဘယ်သို့ အဋ္ဌိပ္ပါယ်ရှိသနည်း။သင်တို့တွင်ကြားတတ်သောနားများရှိသော်လည်းအဘယ်အရာကိုသင်တို့အမှန်တကယ် ကြားကြလေပြီနည်း'' ဟုမိန့်တော်မူ၏။
21 ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
22 သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲသူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။
23 သင်တို့အထဲမှအဘယ်သူသည်ဤစကားကို နားထောင်ပါမည်နည်း။သင်တို့သည်ယခုအချိန်မှစ၍သေချာစွာ နားထောင်ကြမည်လော။
24 အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။
25 သို့ဖြစ်၍ကိုယ်တော်သည်ငါတို့အားမိမိ၏ အမျက်တော်အရှိန်ကိုလည်းကောင်း၊ပြင်းထန်သောစစ်မက်အန္တရာယ်ကိုလည်းကောင်း ခံစေတော်မူ၏။ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ဣသရေလပြည်တစ်လျှောက်တွင် တောက်လောင်လျက်ရှိ၏။သို့ရာတွင်အဘယ်အမှုအရာဖြစ်ပျက်နေ သည်ကို ငါတို့မသိကြ။ငါတို့သည်ထိုအမှုအရာမှအဘယ် သင်ခန်းစာကိုမျှမရကြ။